23 December 2017

မောင်တောမြို့နယ်၌ အကြမ်းဖက်မှု ဖြစ်စဉ်တွင်ပါဝင်သူ တစ်ဦးနှင့် မသင်္ကာသူ သုံးဦး ဖမ်းဆီးရမိ


23 December 2017     The Mirror Daily



မောင်တော ဒီဇင်ဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းဆောင်ရွက်စဉ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်သူ တစ်ဦးနှင့် မသင်္ကာသူ သုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။



၂ဝ၁၆ ခုနှစ်က ငါးခူရနယ်မြေစခန်း တိုက်ခိုက်ခံရသည့် ဖြစ်စဉ်တွင် ပါဝင် ခဲ့သည့် ဦးရှည်ကျ ကျေးရွာနေ ဇာဖောအာလောင် (ခ) ဇာဖော်ရ် အာလောမ်အား ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီက လည်းကောင်း၊ ယင်းနေ့ နံနက် ၁ဝ နာရီခန့်တွင် မှိုဝင်ချောင်းဝနှင့် ဂေါ်ဒူသာရ ချောင်း ဝကြား နယ်စပ်ခြံစည်းရိုးတစ်လျှောက် လှည့်ကင်း ဆောင်ရွက်စဉ် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာသည်ဟု ယူဆရသည့် ရှာဖ်များ(ခ) ဘိင်ခူးနှင့် အဒူရှော်ရှီးတို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အလားတူ ဒီဇင်ဘာ ၁၈ ရက် ည ၉ နာရီတွင် ရေတွင်းကျွန်းကျေးရွာ မြောက်ဘက် ဦးရှည်ကျချောင်း အတွင်း မသင်္ကာဖွယ် လောင်းလှေ တစ်စင်းအား စစ်ဆေးရာ ရေတွင်းကုန်း ကျေးရွာနေ နာဂိုတာချေထံမှ လက်ကိုင် ဖုန်း တစ်လုံး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ သုံးဆင်းကတ်နှစ်ကတ်နှင့်ဓားမနှစ် ချောင်းတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။