20 December 2017

အမာမြို့ တောထွက်ကျေးရွာတွင် ဆွမ်းချိုင့်လာပို့သူ မိန်းကလေးအား ကျောင်းထိုင်ဆရာတော်က သားမယားပြုကျင့်မှုဖြစ်ပွား


20 December 2017     ရတနာပုံ သတင်းစာ



အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ၊ နမူနာဓါတ်ပုံသာဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တောထွက်ကျေးရွာရှိ လေးကျွန်းမာန်အောင်ဘုန်းကြီး ကျောင်းသို့ ဆွမ်းချိုင့်လာပို့သည့် အသက်(၁၄)နှစ်အရွယ် အမျိုးသမီးငယ်အား ကျောင်းထိုင်ဆရာတော်က သားမယားပြုကျင့်ပြီးနောက် ခိုးပြေးရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

တောထွက်ကျေးရွာနေ အမျိုးသားတစ်ဦးသည် ဒီဇင်ဘာ ၁၉ ရက်၊ နေ့လယ်(၂)နာရီက သမီးဖြစ်သူ ပျောက်ဆုံး သွားသဖြင့် ကျေးရွာ တာဝန်ရှိသူများနှင့် လိုက်လံရှာဖွေရာ ကျေးရွာနှစ်ခုဆက်သွယ်ထားသည့် လမ်းပေါ်တွင် သမီးဖြစ်သူနှင့်အတူ လေးကျွန်းမာန်အောင်ဘုန်းတော်ကြီးကျောင်းမှ အသက်(၅၄)နှစ်အရွယ်ကျောင်း ထိုင်ဆရာတော် ဥူးဝိလာသ(ခ)မောင်ဝေတို့အား အတူတွေ့ရှိခဲ့ကြောင်း သိရသည်။


သမီးဖြစ်သူအားမေးမြန်းရာ ဒီဇင်ဘာ ၁၀ ရက်၊ နံနက်(၁၀း၀၀)နာရီခန့်က ဖခင်ဖြစ်သူက ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ခိုင်းသဖြင့် သွားရောက်ပို့ဆောင်စဉ် ကျောင်းထိုင်ဆရာတော်က အခန်းတွင်းသို့ခေါ်ဆောင်ကာ အတင်းအကျပ် သားမယားတစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းတိုက်ဆရာတော်က ရွာမှလူများ သိရှိသွားပြီဖြစ်သဖြင့် ဆက်လက်နေထိုင်ရန် မသင့်တော် ၍ အတူလိုက်နေရန်ပြောဆိုသောကြောင့် လိုက်ခဲ့ခြင်းဖြစ်သည်ဟု သမီးဖြစ်သူက ထွက်ဆိုခဲ့ကြောင်း အမာနယ် မြေရဲစခန်းမှ သိရသည်။


“ဘုန်းကြီးက ဧပြီလလောက်မှ ရွာကိုကျောင်းထိုင်ဆရာတော်အဖြစ် ရောက်လာတာပါ။ သထုံဘက်ကလာတယ် လို့ သိရတယ်။ အသက်ကြီးပေမယ့် ဝါတော်က (၆)ဝါလောက်ပဲရှိပါသေးတယ်။ အခုတော့ လူဝတ်လဲပြီး ရမန်ယူ ဖမ်းဆီးစစ်ဆေးနေပါတယ်။”ဟု အမာနယ်မြေ ရဲစခန်းမှူး ရဲအုပ် ကျော်ကျော်စိုးက ပြောသည်။


၎င်းတို့သားအဖမှာ တောထွက်ကျေးရွာတွင် ကျားဖောင်အငှားစောင့်အိပ်သည့် အလုပ် လုပ်ကိုင်နေသူများဖြစ် ပြီး ယခုအခါ ကျောင်းထိုင်ဆရာတော် ဥူးဝိလာသ(ခ)မောင်ဝေအား တယ်ပင်ဆိပ်ကျေးရွာ သံဃမဟာနာယက ဥက္ကဌဆရာတော်က သိက္ခာချ လူဝတ်လဲထားကြောင်း ဒေသခံများထံမှ သိရသည်။


အမှုနှင့်ပတ်သက်၍ မိဘအုပ်ထိန်းမှုအောက်ရှိ အသက်မပြည့်သေးသူအား သားမယားပြုကျင့်ပြီး ခိုးယူပေါင်း သင်းရန်ကြံစည်သူ ကျောင်းထိုင်ဆရာတော် ဥူးဝိလာသ(ခ)မောင်ဝေအား အမာနယ်မြေရဲစခန်းက (ပ)၂၂၅ / ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၂၉၅-က ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။