20 December 2017

စစ်တွေ DVB သတင်းထောက် ကိုကျော်လင်း ဓါးနှင့်အထိုးခံရ

RiA
1 hr

RiA (Breaking News)
စစ်တွေ၊ ဒီဇင်ဘာ ၂၀ ရက်။ ဒီဘွီဗီ သတင်းဌာနတွင် ကျော်လင်း (ရောင်စုံ) ကလောင်အမည်ဖြင့် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေသော စစ်တွေမြို့၊ မင်းဂံရပ်ကွက်နေ ကိုကျော်လင်းမှာ ယနေ့ နံနက် ၁၂ နာရီအချိန်ခန့်က အမည်မသိ ဆိုင်ကယ်သမား ၂ ဦး၏ ဓါးဖြင့် ထိုးခြင်းကို ခံခဲ့ရသည်။


ကိုကျော်လင်းမှာ ယနေ့ နံနက်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ မြို့တွင်းသို့ ဝင်လာစဉ် အဝေးပြေး ကားဂိတ်အနီး၊ ဝေသာလီ ရင်ပြင် ရှေ့အနီး အမည်မသိ မော်တော်ဆိုင်ကယ်စီးသူ ၂ ဦးက ဓါးဖြင့် နှစ်ချက် ထိုးကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

ကိုကျော်လင်းမှာ မော်တော်ဆိုင်ကယ်၏ နောက်မှာ ထိုင်နေခြင်းဖြစ်ပြီး သူ့သူငယ်ချင်း ဖြစ်သူ (ယခုလောလောဆယ်တွင် အမည်ကို မဖော်ပြလိုသေးဟု မေတ္တာရပ်ခံထား) က မောင်းနှင်ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ကိုကျော်လင်းအား စစ်တွေမြို့ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်တွင် အရေးပေါ်လူနာအဖြစ် ကုသခံယူလျက်ရှိသည်ဟုလည်း အဆိုပါ သူ့သူငယ်ချင်းဖြစ်သူက RiA သို့ အတည်ပြုခဲ့သည်။
နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။