27 December 2017

မကွေးတိုင်းဒေသကြီး အစိုးရရုံးဌာနအချို့အတွက် ဖို့ဒ်ကားအသစ်များ ၀ယ်ပေးခဲ့ပြီး ကားအသစ်စီး၍ ပြည်သူ့လည်စေ့မညှစ်ကြရန် ၀န်ကြီးချုပ် မှာကြား

၂၇.၁၂.၂၀၁၇ ဒေးလီး အလဲဗင်း

မကွေးတိုင်းဒေသကြီး အစိုးရရုံးဌာနအချို့အတွက် ဖို့ဒ်ကားအသစ်များ ၀ယ်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက တိုင်းအစိုးရရုံးတွင် ကားများကို သက်ဆိုင်ရာ ဌာန တိုင်းဦးစီးမှူးများအား မဲနှိုက်ပေးအပ်ကာ ကားအသစ်စီး၍ ပြည်သူ့လည်စေ့မညှစ်ကြရန် ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက မှာကြားခဲ့ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်က စာရင်းပျောက်နေသည့် မကွေးတိုင်းအတွင်း ရေနံ လက်ယက်တွင်းများမှ ရရှိခဲ့သော ကျပ်သန်း ၇၀၀၀ ကျော်အနက် ကျပ်သန်း ၃၁၀၀ ကျော်ကို ပြည်ထောင်စုအစိုးရ၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိအစိုးရအဖွဲ့ထံ ပြန်လည်အပ်နှံခဲ့ကြောင်း၊ ပြန်လည်ရရှိငွေများထဲမှ မကွေးတိုင်းအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် လျာထားခဲ့ကြောင်း၊ ထိုငွေများဖြင့် မကွေးတိုင်းအတွင်း မြို့နယ်များအတွက် အမှိုက်သိမ်းကားများ၊ ရေသယ်ယာဉ်များ ၀ယ်ယူရန်နှင့် တိုက်နယ်ဆေးရုံများတွင် မီးစက်အတွက် အသုံးပြုရန် ဒီဇယ်ဆီများ ထောက်ပံ့ပေးရန် လျာထားကြောင်း သိရသည်။

ထိုလျာထားချက်များအနက် ပထမအရစ်အဖြစ် ကားရှိမှ လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင်မည့် တိုင်းအဆင့်ပညာရေး၊ သစ်တော၊ ကြေးတိုင်နှင့် မြေစာရင်း၊ စိုက်ပျိုးရေးဌာနတို့အတွက် ကျပ်သိန်း ၃၆၀ ကျော် တန်ဖိုးရှိ ၂၀၁၈ မော်ဒယ်ဖို့ဒ်ယာဉ်အသစ် လေးစီး၊ ကျပ်သိန်း ၆၆၀ ခန့်တန်ဖိုးရှိ ၉၉ မော်ဒယ် လင်ခရူဆာယာဉ်တစ်စီး၊ တိုင်း FDA ရုံးအတွက် ရေနံလက်ယက်တွင်းမှ ရရှိငွေများနှင့် အတူ ပြန်အပ်ခဲ့သည့် ကားနှင့် ယာဉ်ယန္တရားများထဲမှ မီနီဘတ်စ်တစ်စီးတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
“ဆရာကြီးတို့ ကားအသစ်ကလေးတွေနဲ့ ၀န်ဆောင်မှုပဲ။ ပြည်သူ့အကျိုးဆောင်တာပဲ။ပိုပြီးတော့ ကောင်းလာစေချင်တယ်။ ပိုပြီး သွက်လာစေချင်တယ်။ ကားအသစ်စီးပြီး လူထုလည်စေ့ ညှစ်မယ်ဆိုရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ။ ဘယ်တရားရုံးမှ မရောက်လည်း ဒါ ကြွေးဆပ်ရမှာနော်။ ဒါ ကျွန်တော့်ညီတွေ၊ အစ်ကိုတွေလိုပဲ ကိုယ်ပြောရမယ့်စကား ပြောလိုက်တာ။ ဘယ်တရားရုံးကမှ အပြစ်မပေးဦးတော့။ မဟုတ်တာလုပ် အကုသိုလ်ပဲ။ အကြွေးဆပ်ရမှာ”ဟု ကားများကို မဲဖောက်မပေးမီ ဒေါက်တာအောင်မိုးညိုက တိုင်းညွှန်ကြားရေးမှူးများကို ပြောကြားသည်။

ဝန်ကြီးချုပ်၏ပြောကြားချက်နှင့်ပတ်သက်၍ ကားများလက်ခံရယူခဲ့သည့် ဌာနများအနက် မကွေးတိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းခိုင်အား The Daily Eleven သတင်းစာက မေးမြန်းရာ “ပြည်သူက ကျွန်တော်တို့ လုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ပါလာဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ဝန်ထမ်းကတော့ တစ်တိုင်းလုံးမှာမှ အင်အား ၆၀၀ နဲ့ပဲ လုပ်နေရတာဆိုတော့ အားလုံးပျံ့နှံ့အောင် မအုပ်ချုပ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ အခုဆိုရင် တရားမ၀င်ကိစ္စတွေလည်း ရှိပါတယ်။ အခုဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သစ်တောရဲတပ်ဖွဲ့ ပေါင်းပြီးဆောင်ရွက်တာရှိသလို ပြည်သူကနေ သတင်းပေးပြီး ဆက်သွယ်တဲ့စနစ်တွေလည်း ဆောင်ရွက်ထားပါတယ်။ အခုအစိုးရလက်ထက်မှာ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူကို ချပြထားတာတွေရှိပါတယ်။ ပြည်သူရဲ့ကူညီမှုကို မဖြစ်မနေရမှသာ သစ်တောထိန်းသိမ်းရေးတွေ၊ ပြုစုရေးတွေ အောင်မြင်နိုင်မှာဖြစ်တယ် ဆိုတာ ကျွန်တော်တို့လည်း အလေးထားဆောင်ရွက်နေပါတယ်”ဟု ဖြေကြားသည်။

အဆိုပါကားများကို သက်ဆိုင်ရာဌာနများက မိမိကိုယ်ပိုင်ကားကဲ့သို့ ပြုပြင်ထိန်းသိမ်း အသုံးပြုရန်နှင့် မကွေးတိုင်းအစိုးရအဖွဲ့ပိုင် ကားများသာဖြစ်ကြောင်း၊ အခြားဌာနများကလည်း လိုအပ်သည်များကို တောင်းဆိုမှုများလည်းရှိနေပြီး နောက်နှစ်ဘတ်ဂျက်များတွင် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။