23 December 2017

ဘင်္ဂါလီလူမျိုး (၈)ဦး နှင့်အတူ လိုက်ပါပို့ဆောင်သူနှင့်လက်ခံထားရှိသူများအားဖမ်းဆီးရမိ


ကျောက်တံခါး ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စု ၌ ဒီဇင်ဘာလ (၂၃) ရက် မွန်းလွှဲ (၂)နာရီခွဲအချိန်က ဘင်္ဂါလီလူမျိုးများ နှင့် လိုက်ပါပို့ဆောင်သူများအား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် (၈၆ / ၃) အနီး ဦးစံသိန်း (၆၂)နှစ် (ဘ)ဦးထွန်း မြို့ချောင်းကျေးရွာနေသူပိုင်ဆိုင်သည့် ခြံဝင်းအတွင်းရှိ တဲထဲတွင် ဘဂါင်္လီလူမျိုးများ ရောက်ရှိနေကြောင်း သတင်းအရ ဖဒိုနယ်မြေရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေခဲ့ရာ လိုက်ပါပို့ဆောင်သူ ဒေါ်ကြူကြူ (၅၈)နှစ် (ဘ)ဦးစံထွန်း ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ နေသူနှင့် ဦးမျိုးမင်းမင်းထွန်း (၃၃)နှစ် (ဘ) ဦးသိန်းထွန်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ် နေသူ တို့နှင့်အတူ မောင်ရာဗိုလ်လာဘုံ (၁၅)နှစ် ၊ ဟာမီဒူလာ (၂၃)နှစ်၊ မချူးချူးမား (၁၆)နှစ်၊ မောင်ရှိုင်းမောင်၊ ဦးအာသူဂိုရီ (၃၉)နှစ်၊ မောင်မာသူရာအမား (၂၀)နှစ် ရခိုင်ပြည်နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့သည်။


ဆက်လက်စစ်ဆေးရာ မြို့ချောင်းကျေးရွာနေ ဦးခင်ရွှေ(၆၁)နှစ် (ဘ)ဦးစံအေး ၏နေအိမ်တွင် ဘင်္ဂါလီ အမျိုးသမီးနှစ်ဦးအား သွားရောက်ပို့ဆောင်ထားကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့် မရူဘီအာ(၁၅)နှစ် ၊ မဖော်မီနာဘယ်လွန် (၁၅)နှစ် ရခိုင်ပြည်နယ်နေသူ တို့အားထပ်မံ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဘင်္ဂါလီ ကျား(၅)ဦး၊ မ(၃)ဦး၊ စုစုပေါင်း(၈)ဦးတို့အား ဒေါ်ကြူကြူနှင့် ဦးမျိုးမင်းမင်းထွန်းတို့မှ ဒီဇင်ဘာ (၁၇)ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပေါက်တောကျေးရွာမှ နေပြည်တော်သို့ မော်တော်ယာဉ်ဖြင့် သွားရောက်၍ နေပြည်တော်တိုင်းဒေသကြီး ပုပ္ပသီရိမြို့နယ် ရှိ နေအိမ်တစ်ခုတွင် ညအိပ်ရပ်နားခဲ့ကာ

 ရန်ကုန် နေပြည်တော်လမ်းအတိုင်း ထွက်ခွာလာ၍ ဦးစံသိန်း၏ နေအိမ်၌ တည်းခိုနေထိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာရန်စီစဉ် ထားရှိကြောင်း ဖမ်းဆီရမိသော ဘဂါင်္လီများမှ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် နှင့် မင်းပြားမြို့နယ် ကျေးရွာများမှ ဘင်္ဂါလီများဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်တံခါးမြို့နယ်မှခေတ္တ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ ရောက်ရှိကာ အသေးစိပ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် ဘင်္ဂါလီလူမျိုးများ နှင့် လိုက်ပါပို့ဆောင်သူ(၂)ဦး၊ လက်ခံထားရှိသူ (၂)ဦးတို့အား လဝကဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုသန်းထိုက် (ညလပ)