25 December 2017

သထုံမှိုဈေးကွက် ပြည်ပတင်ပို့နိုင်ရေး ထောက်ပံ့ကူညီမှုများ လိုအပ်နေ




By ဒီဗွီဘီ 24 December 2017

သထုံမြို့နယ်မှာ စိုက်ပျိုးရေးမှိုတွေ ပြည်တွင်းမှာ ဈေးကောင်းရနေပေမယ့် ပြည်ပတင်ပို့ ရောင်းချနိုင်ရေးအတွက် အရင်းနှီးအထောက်အပံ့ လိုအပ်နေတဲ့အပြင် လုပ်သားအခက်ခဲလည်း ကြုံတွေ့နေရတယ်လို့ တောင်သူတွေက ပြောပါတယ်။

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှာ စိုက်ပျိုးရေးမှိုကို တနိုင်တပိုင်စိုက်ပျိုးနေတဲ့ ဒေါ်စန်းစန်းမြင့်က “မှိုက စိုက်ပြီး ၅ ရက်အတွင်းမှာ အပူချိန်ကို ကြိုက်သလောက်ပူလို့ရတယ်။ အဲ့နောက်ပိုင်း ကိုယ်က အပူချိန်ညှိပေးရတယ်။ မှိုက ဈေးကွက်ရှိတယ်။ စီးပွားဖြစ်စိုက်ပျိုးချင်ပေမယ့် နွားချေး တွေ၊ စက္ကူတွေ စတဲ့လိုအပ်တဲ့ ကုန်ကြမ်းတွေအတွက် လုပ်သားမရှိတာ။ ချေးငွေတွေလည်း လိုအပ်ပါတယ်။”



စိုက်ပျိုးရေးမှို မျိုးထုတ်ကို ထိုင်းနယ်စပ်နဲ့ ကရင်ပြည်နယ်၊ မြ၀တီမှ ရယူပြီး ထိုင်းမျိုးထုတ် ၁ ထုတ်ကို အိမ်အရောက် ၁၀၀၀ ကျပ်ဈေးရှိကြောင်း၊ ရေမ၀ပ်စေရန်နှင့် အပူချိန်တွေကိုလည်း အထူးဂရုစိုက်ရကြောင်း ဒူးရင်းဆိပ်ကျေးရွာမှာ မှိုစိုက်ပျိုးနေတဲ့ ကိုမင်းမင်းဖြိုးက ရှင်းပြပါတယ်။

“မြေကြီးအောက်မှာစိုက်ရင် အကျယ် ၃ × ၁၂ ပေ ဆိုရင် မျိုးထုတ် ၃ ထုတ်၊ စက္ကူက ၁၀ ပိဿာ၊ နွားချေးက အောက်ဘက်ကို ၆ တင်း၊ အပေါ်ကို ၄တင်း စုစုပေါင်း ၁၀ တင်းထည့်တယ်။ မျိုးတထုတ်ကို ဖွဲနု ၄ ဘူးထည့်တယ်။ သူများတွေကတော့ တတ်နိုင်ရင် တတ်နိုင်သလို အားဆေးသုံးတယ်။ ဒီအချိုးအစားနဲ့ဆိုရင် မှို ၆ ပိသာလောက်ထွက်တယ်။ နွားချေးနဲ့ ဖွဲလည်းထည့်ရတယ်။ ကောက်ရိုးနဲ့ စိုက်တဲ့လူလည်းရှိတယ်။ ဗေဒါနဲ့ စိုက်တဲ့သူလည်း ရှိတယ်။ ကောက်ရိုးနဲ့စိုက်ရင် ဗေဒါတို့ စပါးခွံတို့ထည့်စရာမလိုဘူး။”

လက်ရှိ စိုက်ပျိုးရေးမှို(အငုံ)ပေါက်ဈေးမှာ ၁ ပိဿာကို မွန်ပြည်နယ် သထုံမြို့မှာ ၄၀၀၀ ကျပ်ဝန်းကျင်ဈေးရရှိပြီး ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ၅၀၀၀ ကျပ်နဲ့ ရန်ကုန်မှာ ၆၀၀၀ ကျပ်ဈေးကောင်း ရရှိနေကြောင်း မှိုစိုက်တောင်သူတွေထံက သိရပါတယ်။