17 December 2017

ရန်ကုန်တိုင်းအတွင်းရှိ ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများ ခြောက်လငှားရမ်းခ ကျပ်သိန်း ၁၀၀၀ ကျော်သာရရှိသဖြင့် ထပ်မံစိစစ်ပေးရန် ဦးကျော်ဇေယျ တိုက်တွန်း



မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန၏ သာမန်ရငွေအပေါ် စိစစ်တင်ပြချက်အရ သမ္မတရုံအပါအ၀င် ရုပ်ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများအားခြောက်လငှားရမ်းခအဖြစ် ကျပ်သိန်း ၁၀၅၀ ကျော်သာရရှိသည့်အတွက် ငှားရမ်းခနှုန်း ထားများကို ထပ်မံစိစစ်ပေးရန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက တိုက်တွန်းလိုက်သည်။

ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင် ၂၀၁၈ ဧပြီမှ စက်တင်ဘာ အထိ ၆ လအတွက် ရသုံးမှန်းခြေငွေစာရင်း လျာထားချက်အပေါ်ဆွေးနွေးစဉ် ၎င်းက အထက်ပါ တိုင်းထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွက် အဆိုပါ ရှင်ရုံ ၁၄ ရုံနှင့် ဆိုင်ခန်းများငှားရမ်းခအဖြစ် လျာထားငွေမှာ ကျပ်သိန်း ၁၆၁၆ ဒသမ ၃၉ ဖြစ်ပြီး ပျမ်းမျှ တလ လျှင် ကျပ် ၁၃၅ သိန်းသာရရှိနေသည်မှာ နည်းပါးလွန်းသည့် အတွက် စက်တင်ဘာ ၅ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင် မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှားရမ်းထားသော ရုပ်ရှင်ရုံများ၊ ဆိုင်ခန်းငှားရမ်းခများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ပေးရန် ဦးကျော်ဇေယျက မေးမြန်းခဲ့ဖူး သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရုပ်ရှင်ရုံလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းခဲ့ရာ ပျမ်းမျှငှားရမ်းခတလလျှင် ၂၄၁ သိန်း၊ ဆိုင်ခန်း ငှားရမ်းခပျမ်းမျှ တလလျှင် ၃၀ ဒသမ ၅၃၁ သိန်းသို့ တိုးမြှင့်ရရှိခဲ့သည်။

''ဒီငွေတွေဟာ အလွန်နည်းပါသေးတယ်။ အဲလိုတိုးဖို့အတွက် ညှိနှိုင်းလိုက်သည့်အတွက်လည်း ၆ လအတွက် ရသင့်ဖို့ လျာထားတဲ့ငွေဟာ သာမန်ရငွေလျာထားချက်မှာ ၁၀၅ ဒသမ ၈၁၉ ကျပ်သန်းလို့ ဖော်ပြထားပါတယ်။ အမှန်တကယ်ညှိနှိုင်းတဲ့အတိုင်းသာ လိုက်နာမယ်ဆိုရင် သာမန်ရငွေလျာထားချက်ဟာ ၁၆၁ ဒသမ ၉ ကျပ် သန်းဖြစ်ပါတယ်။ ဒါကြောင့် ရငွေအပိုင်းမှာတော့ ၅၇ ဒသမ ၁ သန်း မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာနက လိုအပ်နေပါတယ်လို့ စိစစ်တွေ့ရှိရပါတယ်။ ဒါလေးတွေကို ပြန်လည်သုံးသပ်ပေးပါ''ဟု ၎င်း ကပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၃၀-၈-၂၀၁၇ ရက်) အစည်းအဝေးအရ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန၏ ရုပ်ရှင်ရုံနှင့် ဆိုင်ခန်းများ တလငှားရမ်းခနှုန်းထားများ အရသမ္မတရုံအတွက် ၅၂ သိန်း၊ ဆိုင်ခန်း ၃ ခန်းအတွက် ကျပ်သိန်း ၁ ဒသမ ၂၄ သာရရှိကြောင်း ၎င်းက ဆက်ပြောသည်။

''ကျွန်တော်တင်ပြချင်တာကတော့ ဒါတွေက ညှိနှိုင်းပေးတဲ့ဈေးတွေပါ။ ကျွန်တော်ထုတ်ဝေသူတွေနဲ့ မေးကြည့် တော့ သမ္မတရုံက ရုပ်ရှင်တကားကို ၂ ပတ်တင်ပါတယ်။ ကောင်းတဲ့ကား၊ ပေါက်တဲ့ကားဆိုရင် တပတ်တည်းနဲ့ သိန်း ၅၀၀ ရပါတယ်။ အနည်းဆုံးသိန်း ၄၀၀ ပဲထား။ နှစ်ပတ်ဆိုရင် သိန်း ၈၀၀၊ အဲတော့ ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံငှားရမ်းတဲ့သူတွေက တလကို အနည်းဆုံးသိန်း ၈၀၀ ရတယ်။ ဒါကြောင့် တင်ပြချင်တာက သမ္မတရုပ်ရှင်ရုံဟာ ကားတကားတင်လို့ရှိရင် သူ့အတွက် ကျန်တာက တလကို သိန်း ၁၀၀၀ လောက် တန် တယ်။ ၀န်ထမ်းခ၊ ၀န်ဆောင်မှုနဲ့ ထိန်းသိမ်းပြင်ဆင်စရိတ်တွေ နုတ်လိုက်လို့ရှိရင် သိန်း ၅၀၀ ကျန်မယ်။ သိန်း ၅၀၀ အသား တင်ကျန်တာကို ကျွန်တော်တို့ကိုပေးတာ ကျတော့ ၅၂ သိန်းပဲရတယ်။ ဒါလေးတွေက ပြန်လည် စိစစ်သင့်ပါတယ်။ အလွန်ပဲရင်နာစရာကောင်းပါတယ်။ ဆိုင်ခန်းတွေ ငှားရမ်းခတွေလည်း အလွန်အင်မတန် နည်းတဲ့နှုန်းထားပါ'' ဟု ဦးကျော်ဇေယျက ပြောသည်။

ထို့အပြင် ရှေ့ဆောင်ရုံနှင့် ဆိုင်ခန်းသုံးခန်းအတွက် (၃၅+၅)သိန်း၊ နေပြည်တော်ရုံနှင့် ဆိုင်ခန်းလေးခန်းအတွက် (၃၂ +၇) သိန်း၊ သွင်းရုံနှင့် ဆိုင်ခန်းတခန်း (၂၀သိန်း + ၅သောင်း)၊ စံပြရုံနှင့် ဆိုင်ခန်း (၁၂ + ၂ ဒသမ ၉) သိန်း၊ ရွှေဗဟိုရုံ(၁၀) သိန်း၊ န၀ဒေးရုံနှင့် ဆိုင်ခန်း ၁၂ ခန်း အတွက် (၄၅+၇) သိန်း၊ မဟာမြိုင်ရုံအတွက် ၆ သိန်း၊ မြရတနာရုံနှင့် ဆိုင်ခန်း ၂၄ ခန်း အတွက် (၉+၂ ဒသမ ၀၇၈) သိန်း၊ ၀ဇီရာရုံ(၂)အတွက် ၁၅ သိန်း၊ ရွှေပြည်သာရုံ ၅ သိန်း၊ မင်းရန်အောင် (မ/ဥက္ကလာ) ရုံရှိ ဆိုင်ခန်း ၆၇ ခန်းငှားရမ်းခကျပ် ၄ ဒသမ ၇၆၆ သိန်း၊ ၀ဇီရာ(၁)ရုံနှင့် မြဟံသာရုံတို့မှာ ငှားရမ်းခမရှိကြောင်း သိရသည်။

“န၀ဒေးရုံဆိုရင် မရမ်းကုန်းမှာ အလွန်အင်မတန်ကောင်းတဲ့နေရာပါ။ ၄၅ သိန်းပဲရပါတယ်။ ဆိုင်ခန်း ၁၂ ခန်းရှိပါ တယ်။ ဆိုင်ခန်း ၁၂ ခန်းငှားရမ်းခက ၇ သိန်းပဲရှိပါတယ်။ ဒါတွေဟာ ပြန်လည်စိစစ်သင့်ပါတယ်။ ပြီးတော့ ငှားတော့လည်း သမ္မတတို့၊ န၀ဒေးတို့မှာက ရုံငှားတဲ့သူတွေကပဲ အဲဒီဆိုင်ခန်းတွေကို ပြန်ငှားထားတာ။ အဲဒီ တော့ အရမ်းနည်းတဲ့နှုန်းထားတွေပါ။ ယခင်နှစ်က ၁၃၅ သိန်းရရှိမှုအပေါ် ကျွန်တော်မေးမြန်းခဲ့လို့ ငွေတွေက တိုးလာတာပေါ့။ ဒါပေမဲ့ မ/ဥက္ကလာက မင်းရန်အောင်ရုံဆိုရင် ရုံတော့မရှိတော့ဘူး။ ဆိုင်ခန်း ၆၇ ခန်းဘယ်လောက်ရလို့လည်း ကျပ် ၄၇၆၆၀၀ ပဲရတယ်။ ပြီးတော့ ဌာနက ငှားရမ်းထားတယ်တဲ့။ သက် ဆိုင်ရာဌာနလား မသိဘူး။ ဒါတွေကို ပြန်လည်စိစစ်သင့်ပါတယ်'' ဟု ဦးကျော်ဇေယျက ပြောသည်။