29 December 2017

အရေးပေါ်အစည်းအဝေးဆိုင်းငံ့ဖို့ ဝန်ကြီးချူပ်က မေတ္တာရပ်ခံသော်လည်း သတ်မှတ်ရက်မှာ ကျင်းပမည်




Friday, December 29, 2017
စစ်တွေ၊ ဒီဇင်ဘာလ ၂၉ ရက်      RIA

 စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စစ်ဆေးမေးမြန်းသည့် အစီရင်ခံစာနှင့် ပတ်သတ်ပြီး လာမည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ အရေးပေါ်ခေါ်ယူထားသည့် လွှတ်တော်အစည်းဝေးကို ဆိုင်းငံ့ထားရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်ကို မေတ္တာရပ်ခံစာပေးပို့ခဲ့သော်လည်း အရေးပေါ်အစည်းဝေးကို သတ်မှတ်ထားသည့် ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက RiA ကို ပြောသည်။


“ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရက်မှာ အရေးပေါ်အစည်းဝေးကို ကျင်းပသွားမှာပါ။ အစည်းဝေးကတော့ အဲဒီနေ့မှာ ဖြစ်ကို ဖြစ်မှာပါ။ ဘာလဲဆိုတော့ အစည်းဝေးကို ဆက်လက်ကျင်းပဖို့ မကျင်းပဖို့ကို အဲဒီနေ့မှာဘဲ လွှတ်တော်ကို ချပြပြီးတော့မှာ လွှတ်တော်က သဘောထားအတိုင်း လုပ်ဆောင်သွားမှာပါ။”
ပြည်နယ်လွှတ်တော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးမေးမြန်းထားသည့် အပြီးသတ်အစီရင်ခံစာကို မဲခွဲဆုံးဖြတ်ရန် လွှတ်တော်တွင် အရေးပေါ်အစည်းဝေးခေါ်ယူမည့် လွှတ်တော်က ပြဌာန်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် စောင့်ဆိုင်းပေးရန် အစီစဉ်မရှိကြောင်း ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးမြသန်းက ပြောသည်။
“ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြလာတဲ့အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြပြီးတော့ အရေးပေါ်အစည်းဝေးခေါ်ယူရတယ်။ ဝန်ကြီးချုပ်ပေးပို့စာ ခေါင်းစဉ်မှာက စုံစမ်းစစ်ဆေးမေးမြန်းနေခြင်းကို စောင့်ဆိုင်းပေးဖို့ လို့ပါတယ်။ ကျွန်တော်တို့မှာက စုံစမ်းစစ်ဆေးပြီးပါပြီ။ ဒါကြောင့် စောင့်ဆိုင်းစရာ မလိုတော့ပါဘူး။”
စည်ပင်ဝန်ကြီးဦးမင်းအောင်အား လွှတ်တော်က စွပ်စွဲပြစ်တင်ထားသည်နှင့် ပတ်သတ်ပြီး နိုင်ငံတော်စစ်ဆေးရေး ခုံရုံးသို့ တင်ပြထားပြီးဖြစ်ကာ ယင်းခုံရုံးကို တင်ပြထားသည့် အဆုံးအဖြတ်ကို ရရှိပြီးမှသာလျှင် ကျင်းပပေးရန်အတွက် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုက ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြည်နယ်လွှတ်တော်ကို မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။
နိုင်ငံတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ဟုဆိုကာ အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းအောင်အား လွှတ်တော်က ခန့်အပ်လိုက်သည့် စစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးမေးမြန်းသည့် အပြီးသတ်အစီရင်ခံစာကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့ ပြည်နယ်လွှတ်တော် ဥက္ကဌထံသို့ ပေးပို့ခဲ့ပြီး ယင်းကို ဆုံးဖြတ်ချက်ပေးဖို့ အရေးပေါ် လွှတ်တော် အစည်းအဝေးကို ခေါ်ယူခြင်း ဖြစ်သည်။