19 December 2017

တိုက်ပွဲတွေကြောင့် မောင်တောကို ထွက်ပြေးတိမ်းရှောင်သူ ၁၇၀ လောက်ရှိ


19 December 2017       RFA Burmese



မောင်တောမြို့နယ်မှာ လာရောက်ခိုလှုံကြတဲ့ စစ်ဘေးဒုက္ခသည်တွေရဲ့ အိမ်တွေကို တွေ့ရစဉ်/ Photo: Wai Hun Aung Facebook
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် က ဒေသခံတွေ မောင်တောမြို့ သုံးမိုင်ကျေးရွာကို ထွက်ပြေးတိမ်းရှောင်လာကြရာမှာ ဒီနေ့အချိန်အထိဆိုရင် လူဦးရေ ၁၇၀ လောက်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

သူတို့တွေကို သုံးမိုင်ကျေးရွာအနီးမှာ ယာယီတဲတန်းလျားတွေနဲ့ နေရာချထားပေးတယ်လို့ အကူအညီတွေပေးနေ တဲ့ ဝေဟင်အောင် ပရဟိတအဖွဲ့ခေါင်းဆောင် ကိုဝေဟင်အောင် က ပြောပါတယ်။

အခုထွက်ပြေးတိမ်းရှောင်လာကြသူတွေဟာ ဘူးသီးတောင်မြို့နယ် သြရမကျေးရွာအုပ်စု လက်ပံကိုင်း၊ သလူပြား၊ မြောင်းချောင်း၊ အင်းချောင်းနဲ့ လောင်းယုံကျေးရွာအုပ်စု တောင်ချောင်းကြီး၊ နတ်ဆိပ်၊ တောင်ချေ စတဲ့ကျေးရွာတွေကဖြစ်တယ်လို့သိရပါတယ်။

အဲဒီကျေးရွာတွေဟာ ပလက်ဝမြို့နယ်နဲ့ ထိစပ်နေတဲ့ကျေးရွာတွေဖြစ်တာကြောင့် အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ ပစ်ခတ်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတာကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဝေဟင်အောင်ပရဟိတအဖွဲ့ဟာ စစ်ဘေးတိမ်းရှောင်လာသူတွေအတွက် မနေ့က တဲအိမ်တွေ လှူဒါန်းခဲ့ သလို သောက်သုံးရေ၊ အိမ်သာနဲ့ စားနပ်ရိက္ခာတွေ ဆက်လက်ထောက်ပံ့ဖို့ လိုအပ်နေတယ်လို့လည်း ကိုဝေဟင်အောင်က ပြောပါတယ်။