21 December 2017

မောင်တောဒေသ အကူအညီပေးနိုင်ရေးအတွက် ဂျပန်ဒုတိယအတွင်းဝန်နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဆွေးနွေး


စစ်တွေ၊ ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုတွင် ဂျပန်နိုင်ငံအနေဖြင့် အကူအညီပေးနိုင်ရေးအတွက် ဂျပန်ဒုတိယအတွင်းဝန်နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲကို ပြုလုပ်ရခြင်းမှာ ဂျပန်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားဆောင်ရွက် နိုင်ရန် စာသင်ကျောင်းများ၊ အဆောက်အဦးများ၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးလိုအပ်ချက်များအား ထောက်ပံ့ ကူညီပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြေင်း သိရသည်။



“ဒီကနေ့ဆွေးနွေးတဲ့ကိစ္စမှာ အဓိကရည်ရွယ်ချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းတွေမှာ ဂျပန်နိုင်ငံအနေနဲ့ အကူအညီပေးနိုင်ရေးအတွက်တစ်ခုဖြစ်ပါတယ်။ နောက်တစ်ခုက နောက်လ ၁၃ ရက်နေ့မှာ ဂျပန်နိုင်ငံနို်င်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာဖို့ရှိနေပါတယ်။ အဲဒီအခါမှာ မောင်တောဒေသကို သွားဖို့ အတွက် ပြည်နယ်အစိုးရအနေနဲ့ အကူအညီပေးဖို့ကို ဆွေးနွေးရတာဖြစ်ပါတယ်။”ဟု ဂျပန်နိုင်ငံသံရုံး ဒုတိယအတွင်းဝန်က ပြောသည်။

ရခိုင်ပြည်နယ်ကိစ္စတွင် မြန်မာနိုင်ငံအစိုးရ၏ ကြိုးစားမှုများကိုလည်း ဂျပန်နိုင်ငံအစိုးရအနေဖြင့် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်ချက်ရှိနေကြောင်း ဆက်လက်ပြောကြးခဲ့သည်။

“သမ္မတဦးထင်ကျော် ဂျပန်နိုင်ငံကိုရောက်လာခဲ့တဲ့အခါမှာ ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကိုရောက်နေတဲ့ ဘင်္ဂါလီတွေဟာ နောက်နှစ်နှစ်လောက်အကြာမှာ မြန်မာနိုင်ငံကို ပြန်လာဖို့အလားအလာတွေရှိနေပါတယ်။ ဒါကြောင့် သူတို့ရောက်လာခဲ့တဲ့အခါမှာ နေထိုင်နိုင်ဖို့အတွက် အရေးပေါ်ကူညီရေးအနေနဲ့ နေအိမ်တွေဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံအနေဖြင့် ထောက်ပံ့ကူညီရေးများကို ဆောင်ရွက်ရာတွင် ဘင်္ဂါလီများနေထိုင်ရန်နေအိမ်ဆောက်လုပ်မှုများနှင့် ဆေးဝါးလိုအပ်ချက်များကို ဂျပန်-မြန်မာ အစိုးရချင်း တိုက်ရိုက်ကူညီမှုများကို ပြုလုပ်သွားမည်ဖြစ်ကာ အခြားထောက်ပံ့ ကူညီမှုများကို နိုင်ငံတကာအဖွဲ့အစည်းများမှတစ်ဆင့် ပေးပို့သွားမည့်ဖြစ်ကြောင်း ဂျပန်နိုင်ငံသံရုံး ဒုတိယ အတွင်းဝန်က ပြောကြားခဲ့သည်။

by - လမင်းထွန်း    ခရက်တစ်ပေးပါတယ်