22 December 2017

ဇနီးဖြစ်သူနှင့် အိမ်နီးချင်းတို့အပေါ်သံသယစိတ်ဝင်ကာ ခင်ပွန်းက အိမ်နီးချင်းအမျိုးသားကို ဓားဖြင့်ထိုးသတ်


21 December 2017 19:38(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)



 နမူနာဓါတ်ပုံသာဖြစ်ပါသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်တွင် ဇနီးဖြစ်သူနှင့် အိမ်နီးချင်းတို့ ချစ်ကြိုက်နေသည်ဟု သံသယစိတ်ဝင်ကာ ခင်ပွန်းဖြစ်သူက အိမ်နီးချင်း အမျိုးသားအား ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ဖြူမြို့မရဲစ ခန်းမှ သိရှိရသည်။

ကညင်တောကျေးရွာနေ ဦးထွန်းခင်အေး(၅၃)နှစ်သည် ဒီဇင်ဘာ ၂၀ ရက်၊ နေ့လယ်ပိုင်းက စေတီတောင်ရပ် ကွက် ဖြတ်လမ်း(၃)နှင့် မြောင်းကြီးလမ်းခွဆုံ၌ သားကိုကျောင်းပို့ပြီး နေအိမ်သို့ ဆိုင်ကယ်ဖြင့် ပြန်လာသည့် အိမ်နီးချင်း ဦးလှမောင်သန်း(၄၈)နှစ်ကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။


၎င်းသည် ဦးလှမောင်သန်း၏ ဆိုင်ကယ်နောက်မှ လိုက်ရန် ဆိုင်ကယ်ကိုတားပြီး အသင့်ယူဆောင်လာသည့် အရိုး အသွား(၇)လက်မခန့်ရှိ ဓားဖြင့် ထိုးလိုက်ခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းများအရ သိရသည်။

“အဲနေ့က လူသတ်မှုဖြစ်တဲ့ကိစ္စနဲ့ သေဆုံးသူရဲ့အမျိုးသမီးက တရားလိုတိုင်တန်းမှုများရ အမှုဖွင့်လှစ်ထားပါ တယ်။ တရားခံကိုတော့ ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့တွေလိုက်နေကြပါတယ်။”ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ဦးထွန်းခင်အေးသည် ၎င်း၏ ဇနီးနှင့် ဦးလှမောင်သန်းတို့ ချစ်ကြိုက်နေသည်ဟု တစ်ဖက်သတ်ယူဆ၍ ဓားဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “သူ(ဦးလှမောင်သန်း)လိုလူမျိုးက ကျောက်ဖြူမှာ အများကြီးလိုအပ်ပါတယ်။ သူ့ကိစ္စသတင်းကြားတော့ စကား ပြောမထွက်တော့ဘူး။ အရမ်းဆို့နင့်ကြေကွဲမိတယ်။ တရားခံကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆို ပါတယ်။”ဟု စေတီတောင်ရပ်ကွက်နေ ဒေါ်အေးညိုက ပြောသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဦးလှမောင်သန်း၏ ဇနီး ဒေါ်ခန့်ခန့်ရွေက တရားလိုပြုလုပ်တိုင်တန်း ချက်များအရ ကျောက်ဖြူမြို့မ ရဲစခန်းက (ပ)၉၅၈/၁၇၊ ရာဇာသတ်ကြီးပုဒ်မ-၃၀၂ အရ အမှုဖွင့်လှစ်ပြီး တရားခံ အား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ကျောက်ဖြူမြို့မ ရဲစခန်းမှ သိရသည်။

ရတနာပုံ သတင်းစာ