29 December 2017

အခြေခံ လုပ်ခလစာ တစ်ရက် ၄၈၀၀ ကျပ်သတ်မှတ်ပြီ



နေပြည်တော်၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ပုဂ္ဂလိက လုပ်ငန်းများရှိ အလုပ်သမားများအတွက် အခြေခံလုပ်ခ အခကြေးငွေအဖြစ် တစ်ရက် (အလုပ်ချိန် ရှစ်နာရီ)လျှင် ကျပ် ၄၈၀၀ သတ်မှတ်ရန် နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနတွင် ယနေ့ နံနက် ပြုလုပ်သော "အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် ညှိနှိုင်း အစည်းအဝေး" တွင်ယနေ့ညနေပိုင်းကသဘောတူခဲ့ကြသည်။

အဆိုပါ အခြေခံ လုပ်ခနှုန်းထားမှာ အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် ပုဂ္ဂလိက လုပ်ငန်းများအတွက် အကျုံးဝင်မည်ဖြစ်ပြီး ယခု ကြေညာသည့် နေ့ မှနှစ်လအတွင်း ကန့်ကွက်မှုများမရှိပါက သတ်မှတ်သည့်အတိုင်း စတင်ကျင့်သုံးမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။


" ဒီအစည်းအဝေးကနေ အနိမ့်ဆုံး လုပ်ခလစာကို ၄၈၀၀ သတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်၊ အနည်းဆုံး အလုပ်သမား အရေအတွက်ကတော့ ဆယ်ဦးနှင့် အထက် သတ်မှတ်လိုက်ပါတယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ် မခွဲခြားဘဲတစ်ပြည်လုံး တစ်နိုင်ငံလုံး တပြေးညီသတ်မှတ်တာ ဖြစ်ပါတယ်။ အရင်က ၃၆၀၀ ဆိုတဲ့အခါ
ကျတော့ ခု ၄၈၀၀ ဆိုတော့ ၁၂၀၀ လောက်တိုးသွားတဲ့အနေအထား ဖြစ်ပါတယ် ဒီလိုသတ်မှတ်ခြင်းအား ဖြင့် အလုပ်သမားတွေလည်း လက်ခံနိုင်မယ့်အနေအထား ဖြစ်မယ်လို့ယုံကြည်ပါတယ်၊ နောက်ပြီးစဉ်းစားတဲ့နေရာမှာလည်း အိမ်နီးချင်းနိုင်ငံတွေရဲ့ လုပ်ခလစာနှုန်းတွေ ငွေကြေးဖောင်းပွမူ GDP နှုန်းတွေ စတဲ့အချက်အလက်တွေကို ပြည့်ပြည့်စုံစုံစဉ်းစားပြီးမှ ပညာရှင် အလုပ်ရှင် အလုပ်သမားသဘောထားတွေ အကုန်ခံယူ ပြီးမှ တိုင်းဒေသကြီးနဲ့ပြည်နယ် အောက်ခြေထိသွားပြီးကွင်းဆင်းပြီးမှလေ့လာတွေ့ရှိချက်တွေကို မူတည်ပြီးဆုံးဖြတ်တာဖြစ်ပါတယ်" ဟု ၎င်းက ပြောခဲ့သည်။

ယခု ကြေညာချက်ကို လုပ်သားပြည်သူအားလုံး သိအောင် ကြေညာသွားမှာဖြစ်ပြီး အလုပ်ရှင်က သော်လည်းကောင်း အလုပ်သမားကသော်လည်းကောင်း မကျေနပ်လျှင် ပြန်ပြီးတင်ပြနိုင်ကြောင်း၊ ကော်မတီက ပြန်လည်စဉ်းစားပြီး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျေနပ် သဘောတူကြပြီး ဆောင်ရွက်စရာမရှိပါက အစိုးရအဖွဲ့သို့ တင်ပြပြီး ဆုံးဖြတ်မှာ ဖြစ်ကြောင်း၊ ရက် ၆၀ ပြည့်သည်အထိ စောင့်ပြီးမှ အစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယနေ့ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီ ကိုယ်စားလှယ်များ ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်ဥပဒေချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ၊



မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်း ပေါင်းစုံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ ကုန်ထုတ်လုပ်ငန်း အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ပေါင်းစုံ ၊စိုက်ပျိုးရေး အလုပ်သမား နှင့် စားသောက်ကုန်ထုတ်လုပ်ငန်း အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်၊ စိုက်ပျိုးရေး လုပ်ငန်းအလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ် ၊ Center ကိုယ်စားလှယ်၊ for Economy, Environment and Society Myanmar မှ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ၊

လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ၊ Myanmar Development Resource Institute မှ ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း ကုန်ထုတ်လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာအမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း၊ ဝန်ဆောင်မှုလုပ်ငန်း အလုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် မွေးမြူရေးလုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ စိုက်ပျိုးရေး လုပ်ငန်း အလုပ်ရှင် အဖွဲ့အစည်းကိုယ်စားလှယ် ၊ စားသုံးသူရေးရာ ဦးစီးဌာန ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာန ၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ အသီးသီး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

(Xinhua)