16 December 2017

ဓားကိုင်ရမ်းကားနေသူကို Pump Action 12 သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး


15 December 2017 သစ်ထူးလွင်



ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ချမ်းမြေ့လမ်းပေါ်၌ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် အမျိုးသားတစ်ဦး အရက်သေစာသောက်စားပြီး ဓားကိုင်ရမ်းကားနေ၍ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များက သွားရောက်တားမြစ်စဉ် ပြန်လည်ရန်ပြုသဖြင့် Pump Action 12 သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် သန်လျင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လှည့်ကင်းမော်တော်ယာဉ်ဖြင့် နယ်မြေအတွင်း လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျေးရွာ၊ ချမ်းမြေ့လမ်းပေါ်၌ အမျိုးသားတစ်ဦးမှ အရက်သေစာသောက်စားပြီး ဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သွားရောက်၍ စစ်ဆေးအတည်ပြုခဲ့ရာ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ရွာနေ အောင်ဖေ(၂၉)နှစ်၏ လက်တွင် ကိုင်ဆောင်ထားသည့် အရိုးအသွား(၂၄)လက်မခန့်ရှိ ကော်ရိုးတပ်ဓားတစ်ချောင်းနှင့်အတူဆဲဆို နေသည်ကို တွေ့ရှိခဲ့ရပါသည်။

ရဲတပ်ဖွဲ့ဝင်များက ၎င်း၏လက်တွင် ကိုင်ဆောင်ထားသောဓားအား ကိုင်ဆောင်ခြင်းမပြုရန်နှင့် အဆိုပါဓားအား ချ၍ ရဲတပ်ဖွဲ့ဝင်များနှင့် ဆွေးနွေးရန်ပြောဆိုသော်လည်း နာခံမှုမရှိဘဲ တာဝန်ရှိသူများကို ကိုင်ဆောင်ထားသည့်ဓားဖြင့် အသက်အန္တရာယ်ထိခိုက်လောက်အောင်ဝင်ရောက်ခုတ်သဖြင့် ရဲတပ်ဖွဲ့ဝင်များက Pump Action 12 ဘို့ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အောင်ဖေတွင် ၀ဲလက်မောင်း၊ ၀ဲတင်ပါးနှင့် ၀ဲနံစောင်းတို့တွင် ဒဏ်ရာများရရှိခဲ့သဖြင့် သန်လျင်ပြည်သူဆေးရုံသို့ ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ကာ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယင်းကဲ့သို့ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများအား ပြန်လည်ရန်ပြုသူ အောင်ဖေအား သန်လျင်မြို့မရဲစခန်း(ပ)၃၇၇၄/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၇ဖြင့်လည်းကောင်း၊ (ပ)၃၇၇၅/၂၀၁၇၊ လက်နက်များအက် ဥပဒေပုဒ် ၁၉(င)ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။