05 December 2017

“တရားစောင့်သောမင်းဧကရာဇ်” ရခိုင်ရာဇ၀င်ဝတ္ထု ထွက်ပြီ


“လူတစ်ယောက်အကြောင်းကအတ္ထုပ္ပတ္တိ၊
မင်းတို့အကြောင်းက ရာဇ၀င်၊
ပြည်သူ ပြည်သားများအကြောင်းကိုသမိုင်း’’ ဟုဆိုထားပါတယ်။
#မောင်မောင်မြတ်ညို(စနဲ)
------------------------ ။ ။ ----------------------
#စာအုပ်အကြောင်း

သည်စာအုပ်နဲ့ပတ်သက်ပြီး စာဖတ်သူများကို စာအမြည်းပေးချင်ပါတယ်။ တရားစောင့်သောမင်းဧကရာဇ် လို့မပြောဘဲ ရခိုင်ဘုရင်မင်းထီးလို့ပြောရင် ကျနော်တို့ငယ်ငယ်က ကျောင်းစာထဲမှာသင်ရတဲ့ ကိုယ့်လက်ညှိုးကိုယ်ဖြတ်အပြစ်ပေးတဲ့ ဘုရင်ကြီးကိုမှတ်မိကြမယ်ထင်ပါတယ်။ အကြောင်းကတော့ ကိုယ်တိုင်သတ်မှတ်ထားတဲ့စည်းကမ်းကို ဘုရင်ကြီးက အမှုမဲ့အမှတ်မဲ့ နန်းတွင်းထဲကတိုင်ကို ထုံးသုတ်မိလို့ မင်းပရိသတ်အမတ်များရှေ့မှာ ကိုယ့်လက်ညှိုးကိုယ်ဖြတ်ပြီး ဥပဒေကိုလေးစားလိုက်နာပြတဲ့ ရခိုင်ဘုရင်မင်းထီးပဲဖြစ်ပါတယ်။

ရခိုင်ဘုရင်မင်းထီးက တိုင်းပြည်ကို ၉၅ နှစ် ( ၁၂၇၉-၁၃၇၄ ) အထိအုပ်ချုပ်ခဲ့ခြင်းကြောင့် ဂုဏ်သတင်းကြီး တဲ့ဘုရင်တစ်ပါး၊ သက်တော်ရှည် မင်းလုပ်အုပ်ချုပ်နိုင်ခဲ့တဲ့ ဘုရင်တစ်ပါးအဖြစ်နဲ့ ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။ မွေးကတည်းကနေစပြီး အသက် ၇ နှစ် သားအရွယ်အထိ ယိုးချောင်းဖျားသို့ (နယ်နှင်) ပို့ဆောင်သိုဝှက်ထားခံခဲ့ရတဲ့ ဘုန်းကံထူးတဲ့မင်းတစ်ပါးဖြစ်ပါတယ်။ ခေတ်စကားဖြင့်ပြောရလျှင် နိုင်ငံရေးအကျဉ်းသားလို့ဆိုနိုင်ပါတယ်။ ဒါကြောင့်ပဲ ဘုရင်မင်းထီးက စစ်နိုင်သော်လည်း သုံ့ပန်းများ အပေါ်မရက်စက်။ စစ်ရှုံးဘုရင်များကိုလည်း မင်းအာဏာမှလွဲ၍ မူလစည်းစိမ်နှင့်မခြား ခံစားစံစားခွင့်ပေးအပ်ထားခဲ့ပါတယ်။


မင်းထီးသည် စွန့်ပယ်ခံတို့၏ဘ၀ကို စာနာမှုအပြည့်ရှိသူဖြစ်သလို ပြည်တွင်းရေးရာ များမှာလည်း မင်းဧကရာဇ်ဖြစ်သော်လည်း ပြည်သူများရဲ့ ပကတိအခြေအနေတွေကိုသိအောင် ကိုယ်တိုင် စနည်းနာ (ကိုယ်တိုင်လျှို့ဝှက်စုံစမ်း) သူဖြစ်ပါတယ်။
သမိုင်းအချက်အလက် အထောက်အထားနဲ့ ရခိုင်ဘုရင်မင်းထီးအကြောင်းကို ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဆရာဦးကျော်သောင်း(ခ) မောင်မောင်မြတ်ညို(စနဲ) က “တရားစောင့်သောမင်းဧကရာဇ်” လို့အမည်ပေးပြီး ရည်ရွယ်ချက် ၄ ချက်နဲ့ အချိန်ယူကြိုးစား အားထုတ်ထားပြီး ရာဇ၀င်ဝတ္ထုတစ်ပုဒ်အဖြစ် ရေးသားထားတာဖြစ်ပါတယ်။ ဖြစ်ရပ်မှန်သမိုင်းကြောင်း တစ်ခုဖြစ်တဲ့အတွက် သည်နေ့ခေတ်အခြေအနေနဲ့ ပြန်လည်နှိုင်းယှဉ်တိုက်စစ်ဖတ်ရှုသင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
စာအုပ်ထဲမှာ ရခိုင်သမိုင်းအကျဉ်း၊ ရခိုင်လူမျိုးတို့ရဲ့စာပေယဉ်ကျေးမှုတိုးတက်ပြောင်းလဲလာပုံကို ရှင်းလင်းရေးပြထားသလို ရခိုင်ဘုရင်မင်းထီးအသက် ၇ နှစ်အရွယ်မှာဦးရီးတော်ရဲ့စောင့်ရှောက်မှုနဲ့ ဘုရင်ဖြစ်လာပြီး ဦးရီးတော်လာဘ်စားတဲ့အတွက် ဦးရီးတော်ကိုခေါင်းဖြတ်အပြစ်ပေးခဲ့တဲ့ ဘုရင်မင်းထီးအကြောင်းကို ရေးသားထားရာမှာ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဥပဒေကိုလေးစားလိုက်နာတဲ့ ရခိုင်ဘုရင်မင်းထီးက နန်းသက် ၁၀၆ နှစ်တိုင်တိုင် ရခိုင်နိုင်ငံကို စီမံအုပ်ချုပ်ခဲ့ပုံတွေဟာ ရခိုင်ရာဇ၀င်သမိုင်းကိုလေ့လာလိုသူတွေအတွက် လေ့လာဖတ်ရှုစရာဖြစ်ပါတယ်။



စာရေးသူမောင်မောင်မြတ်ညို(စနဲ)ဆိုသည်မှာ လက်ရှိထိုင်းနိုင်ငံမှာနေထိုင်လျက်ရှိပြီး မြန်မာအလုပ်သမားအရေးကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်မှာ ထိုင်းအစိုးရ လူကုန်ကူးမှုအထူးရဲတပ်ဖွဲ့ Anti-Human Traffi Divistion (AHTD) က ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ 7 day သတင်းဂျာနယ်က သူရဲကောင်းဆုကို FED အင်ဂျီအို အဖွဲ့နဲ့အတူ ပူးတွဲ ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ ထိုင်းအစိုးရအထူးစုံစမ်းထောက်လှမ်းရေး Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice DSI က လူကုန်ကူးမှုနှင့်ရာဇ၀တ်မှုတို့ကို လျော့နည်းပပျောက်ရေးလုပ်ငန်းစဉ်တို့မှာ ပူးပေါင်းဆောင်ရွက်တဲ့ ထိုင်းနိုင်ငံသားအချို့နှင့် နိုင်ငံခြားသားများကိုရွေးချယ်ပြီး ဂုဏ်ပြုလွှာနဲ့ ဆုတံဆိပ်များချီးမြှင့်ပွဲမှာ မြန်မာနိုင်ငံသားထဲက ဆရာဦးကျော်သောင်း(ခ)မောင်မောင်မြတ်ညို(စနဲ) ကိုပထမဦးဆုံး ဂုဏ်ပြုလွှာနဲ့ ရွှေတံဆိပ်ရင်ထိုးတံဆိပ်ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် နိုင်ဝင်ဘာလ ၁ ရက်နေ့မှာ ရဲချုပ်ဇော်ဝင်းက အရေးကြီးအမှုကြီးများ ဖေါ်ထုတ်နိုင်ရေးတို့မှာ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်သူအဖြစ် ဆရာဦးကျော်သောင်းကို နေပြည်တော်ကိုဖိတ်ခေါ်ပြီး ပြည်ထောင်စုအဆင့် ဂုဏ်ပြုလွှာချီးမြှင့် ခဲ့ပါသေးတယ်။

၂၀၁၄ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံ အမတ်ကြီးဦးဝင်းမောင် ဦးဆောင်ဖွဲ့စည်းတဲ့ (လိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီ)မှာ စုံစမ်းရေးတာဝန်ခံအဖြစ်တာ ၀န်ပေးခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။ (ကျော်သောင်း၊ မောင်မောင်မြတ်ညို (အလွတ်သတင်းထောက်) မြတ်ညို၊ မင်းရန်နိုင် (ကျောက်ဖြူ) ထွန်းနေရောင်(စနဲ) နှင့် မောင်ပေါ်ထွန်း၊ ကလောင်အမည်များဖြင့် ပြည်တွင်းထုတ် မြန်မာပို့စ် သတင်းဂျာနယ်၊ မြန်မာပို့စ် ဂလိုဘယ် နှင့် တို့ခေတ်သတင်းဂျာနယ်တို့မှာ ၂၀၁၄ ခုနှစ် မေလကစပြီး ယနေ့အထိ ဆောင်းပါးနဲ့ သတင်းများစွာရေးသားနေသူဖြစ်သလို ကျော်သောင်းကလောင်အမည်နဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လမှာ “၂၀၀၈ ဖွဲ့ စည်းပုံပြင်ပါ စာအုပ်” ၂၀၁၆ ခုနှစ်နိုဝင်ဘာလမှာ “မင်းသမီးလေး ရှာပုံတော်” လူကုန်ကူး မှုဖြစ်ရပ်မှန်ဝတ္တုစာအုပ်တို့ကိုရေးသားခဲ့ပါတယ်။

ဖြန့်ချိသည့်စာပေတိုက် - Journalist Book Publishing 09-261778607

တန်ဖိုး - ၂၅၀၀

အိမ်အရောက်မှာယူလိုတယ်ဆိုရင် The Book Service 09-798425548 သို့ဆက်သွယ်နိုင်ပါတယ်။