05 December 2017

ရပ်ကွက်တိုင်းမှာ ဘောလုံးကွင်း တစ်ခုစီလုပ်ပေးမှာ ဖြစ်သလို ပြည်သူပိုင်မြေနေရာတွေကိုလည်းပြန်သိမ်းမည်ဟု ၀န်ကြီးဆို

ပေါ်ပြူလာ    ၅..၁၂..၁၇
-
အားကစားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းစဉ်တစ်ခုအဖြစ် ရပ်ကွက်တိုင်းမှာ ဘောလုံးကွင်းတစ်ကွင်းရှိဖို့ဆောင်ရွက်သွားမှာဖြစ်ပြီး ပုဂ္ဂလိကထဲရောက်နေတဲ့ ပြည်သူပိုင်မြေနေရာတွေကိုလည်း ပြန်လည်သိမ်းယူသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစိုင်းကျော်ဇောကပြောပါတယ်။



“ကျွန်တော်တို့ ရပ်ကွက်တိုင်းမှာ ဘောလုံးကွင်းတစ်ကွင်းရှိအောင်လို့ဆောင်ရွက်နေတဲ့အပိုင်းမှာရှိပါတယ်၊ အရင်တုန်းကသိမ်းယူထားတဲ့ ဘောလုံးကွင်း တွေ ပြန်ရအောင် ကျွန်တော်တို့လုပ်သွားပါမယ်” လို့ ၀န်ကြီးကပြောပါတယ်။


မန္တလေးမြို့ရဲ့ ပြည်သူပိုင်နေရာတစ်ချို့နဲ့ ရပ်ကွက်နဲ့မြို့နယ်အလိုက်အားကစားကွင်းတော်တော်များများဟာ အန်အယ်လ်ဒီအစိုးရလက်ထက်မတိုင်ခင် က ရောင်းစားခံရခြင်းတို့ရှိခဲ့ရာ ဒီကိစ္စနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

“ဗိုလ်ချုပ်ထွန်းကြည်လက်ထက်က မြေကွက်တွေချပေးတဲ့နေရာမှာ ဇယားဆွဲပြီးသားရှိတယ်၊ အားကစားကွင်း၊ ကျန်းမာရေး၊ ကျောင်း၊ ဈေး ဒါတွေ အကုန်လုံးက သူ့ဟာသူရာထားပြီးသား ရှိပြီးသား၊ ရှိပြီးသားကိုမှ အကုန်လုံးကိုရောင်းချသွားတာတွေကို ကျွန်တော်တို့ကပြန်သိမ်းမှာပါ” လို့လည်း ၀န်ကြီးကပြောပါတယ်။

လက်ရှိအခြေအနေအထိ ပြန်လည်သိမ်းယူထားတဲ့ ပြည်သူပိုင်မြေနေရာ ၁၃၀ ကျော်ရှိထားပြီး အဆိုပါမြေနေရာတွေနဲ့ပတ်သက်လို့တော့ မန္တလေးမြို့ တော်စည်ပင်သာယာရေးကော်မတီမှာ ငွေသွင်းထားတယ်ဆိုတဲ့အထောက်အထားပြနိုင်သူကို ငွေပြန်အမ်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

“ဒါတွေကို ကျွန်တော်တို့ကပြန်သိမ်းမှာပါ၊ ပြန်လည်းသိမ်းနေပါပြီ၊ ၁၃၄ ကွက်ပြန်သိမ်းပြီးပါပြီ၊ စည်ပင်မှာ မမှာပါ” လို့ ၀န်ကြီးဦးစိုင်းကျော်ဇောကပြောပါတယ်။

မီးလောင်ခံရတဲ့မင်္ဂလာဈေးအစား ယာယီနေရာချပေးထားတဲ့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း ဂေါ်ရာကွင်းမြေနေရာကိုလည်း အပြီးအပိုင်သိမ်းဆည်း ထားခြင်းမဟုတ်ကြောင်း၊ မင်္ဂလာဈေးတည်ဆောက်ပြီးစီးသွားတာနဲ့ ပြန်လည်ပေးအပ်သွားမှာဖြစ်ကြောင်းသိရပါတယ်။