05 December 2017

ထောက်ကြန့်ဘီယာဆိုင်​တွင် သံဃာတပါး အရိုက်အနှက်ခံခဲ့ရမှု အဖြစ်မှန်ပေါ်ပေါက်ရေး တိုင်း တရားဥပဒေစိုးမိုးရေးကော်မတီမှ ကွင်းဆင်းစုံစမ်းမှု ပြုလုပ်​​နေ


ရန်​ကုန်​တိုင်း​ဒေသကြီး ထောက်ကြန့်မြို့၊ဘီယာဆိုင်​တဆိုင်တွင် သံဃာတပါး
အရိုက်အနှက်ခံခဲ့ရမှုကိစ္စနှင့်​ ပတ်​သက်​၍ ဒီဇင်​ဘာ ၄ ရက်​ ​နေ့လယ်​ပိုင်းတွင်​ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီမှ ကွင်းဆင်းစုံစမ်းမှု ပြုလုပ်​​နေပြီ ဖြစ်​​ကြောင်း သတင်းရရှိသည်​။


ရန်ကုန်ပြည်လမ်း၊ အမှတ် ၃၅(ဘီ) ရှိ လမင်းသာ(၂) စားသောက်ဆိုင်တွင် နိုဝင်ဘာလ (၂၈)ရက်က သံဃာတပါး အရိုက်​နှက်​ခံခဲ့ရခြင်း ဖြစ်​သည်​။


ယင်းကိစ္စနှင့်​ ပတ်​သက်​၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာများစိစစ်ရေးကော်မတီမှ အရေးပေါ်အစည်းအဝေးပြုလုပ်ပြီးခဲ့ပြီး​နောက်​ ကွင်းဆင်းစုံစမ်းမှု စတင်ခဲ့ခြင်းဖြစ်​​ကြောင်း ယင်း​ကော်​မတီမှ သိရသည်​။

လက်​ရှိအချိန်​တွင်​ ​ထောက်​ကြန့်မြို့နယ်​သို့ သွား​ရောက်​ကာ ရိုက်​နှက်​မှုဖြစ်​ပွားခဲ့သည့်​ စား​သောက်​ဆိုင်​၊ မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးဌာနသို့ ကွင်းဆင်း​နေ​ကြောင်း သိရသည်။

"ကော်​မတီအ​နေနဲ့ ကွင်းဆင်းတာပါ။ အဓိက ဖြစ်​စဉ်​အမှန်​နဲ့ ညီညွှတ်​မျှတတဲ့ အ​ရေးယူ​ဆောင်​ရွက်​ထားခြင်း ရှိမရှိ ဒါ​တွေကို ကွင်းဆင်းစုံစမ်း​နေတာပါ"ဟု ယင်း ​ကော်မတီဥက္ကဌ ဦးမြင့်​လွင်​က ​ပြောသည်​။

လတ်​တ​လော ကွင်းဆင်းစုံစမ်းမှုပြုလုပ်​​နေဆဲဖြစ်​သည့်​အတွက်​ ကွင်းစင်းစုံစမ်းမှု အ​သေးစိတ်​ မ​ပြောကြားနိုင်​​သေး​ကြောင်း ၄င်းက​ပြောသည်​။
လင်းလင်း​အောင်
ဓာတ်​ပုံ -Yan Aung FB