05 December 2017

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တွင်ဖြစ်ပွားခဲ့သော သံဃာတစ်ပါးအား ရိုက်နှက်သည့် ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ(၂) ဦးအား ဖမ်းဆီးရမိ

Yangon Police 
ရန်ကုန်၊ ဒီဇင်ဘာ ၅

နိုဝင်ဘာလ ၂၈ ရက်နေ့ နေ့လယ် ၁၄၀၀ အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊
ထောက်ကြန့်၊ တောင်ပိုင်းရပ်ကွက်ရှိ လမင်းသာ (၂) စားသောက်ဆိုင်တွင်
ဖြစ်ပွားသော သံဃာတော်တစ်ပါးအား ရိုက်နှက်သည့် ဖြစ်စဉ်မှ
ပြစ်မှုကျူးလွန်သူ (၂) ဦးအား ဖမ်းဆီးရမိအရေးယူလျက်ရှိကြောင်း
သိရသည်။


ဖြစ်စဉ်မှာ အဆိုပါနေ့ နေ့လယ် ၁၄၀၀ အချိန်ခန့်က လှည်းကူးမြို့နယ်၊ ဘုရားသုံးဆူကျေးရွာ၊ ရမ္မာဝတီကျောင်း တိုက်နေ ဥူးဣန္ဒက ၊ သက်တော် (၆၉)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်း ရပ်ကွက်ရှိ လမင်း သာ(၂) စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်မိုးနှင့် ဆိုင်တွင်ရောက်ရှိနေသူ ဦးမြင့်ကျော်ဆိုသူတို့က ရိုက်နှက်ခဲ့ကြကြောင်း၊ဥူးဣန္ဒက၏ လက်ဆွဲအိတ်အတွင်းမှ ငွေကျပ် ၅ သိန်းပျောက်ဆုံးခဲ့ကြောင်းသိရသဖြင့် ထောက်ကြန့် နယ်မြေရဲစခန်း(ပ)၁၂၅၆/၂၀၁၇ ၊ ရာဇသတ်ကြီး
ပုဒ်မ ၂၉၅/၂၉၅-က/၃၂၃/၄၀၃/၁၁၄ ဖြင့်အမှုဖွင့် အရေးယူခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ၃.၁၂.၂၀၁၇ ရက်နေ့ ၁၃၃၀ အချိန်တွင် ပြစ်မှုကျူးလွန်သူ အောင်မိုး (၄၅)နှစ်အားဖမ်းဆီးရမိခဲ့ပြီး မြင့်ကျော်မှာ တိမ်းရှောင်နေသဖြင့်၎င်းလိပ်စာပေးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်သို့မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များနှင့် လက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ၊ လက်ပံတန်းမြို့နယ်၊ အောင်လံကုန်းကျေးရွာ၊အောင်မြေတောရ ကျောင်းတိုက်တွင် မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရ (၄၃ )နှစ်အား ဖမ်းဆီးရမိခဲ့ပါသည်။

မြင့်ကျော်(ခ)မြင့်သိန်း(ခ) ဥူးပညာသာရမှာ ခမုံရွာမ၊ ခမုံကျေးရွာအုပ်စု၊အေးမြစံပျော်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်တစ်ပါးဖြစ်ပြီး လူမှုရေးကိစ္စများ၊ အရက်သေစာသောက်စားခြင်းများ မကြာခဏပြုလုပ်တတ်၍ကျေးရွာနှင့် အဆင်မပြေသော ဘုန်းကြီးတစ်ပါးဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး ယခု ပြစ်မှုကျူးလွန်ရာ နေရာသို့လည်း Facebookမှ ရည်းစားဖြစ်သူနှင့် ချိန်းတွေ့ရန် လူဝတ်လဲ၍ ထောက်ကြန့်လမ်းဆုံရှိ လမင်းသာ(၂) စားသောက်ဆိုင်သို့ရောက်ရှိ သောက်စားနေစဉ် ယခုပြစ်မှု အား ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါသည်။ 

၎င်းမှာပြစ်မှုကျူးလွန်ပြီးနောက် လက်ပံတန်းသို့ ပြန်သွားပြီး သင်္ဃန်းပြန်ဝတ်ကာအေးမြစံ ပျော်ကျောင်းတွင် ဟန်မပျက်နေထိုင်ခဲ့ပြီးနောက် Facebook၌ထောက်ကြန့်ရှိ ဘီယာဆိုင်တွင် ဘုန်းကြီး တစ်ပါးအား ရိုက်နှက်နေသည့်ဖြစ်စဉ်များ လိုင်းပေါ်တက်နေ၍ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သဖြင့်အောင်လံကုန်းရွာ၊ အောင်မြေတောရကျောင်းတိုက်တွင် တိမ်းရှောင်နေစဉ်
၅.၁၂.၂၀၁၇ ရက်နေ့ နံနက် ၆နာရီအချိန် တွင် ရဲတပ်ဖွဲ့မှဖမ်းဆီးရမိပြီး အဆိုပါ ကျောင်းတိုက်ဆရာတော် ဥူးဝဇီရာနန္ဒထံတွင် သိက္ခာချလူဝတ်လဲ ခဲ့ပါသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူ အောင်မိုးနှင့် မြင့်ကျော်(ခ)မြင့်သိန်း (ခ)ဥူးပညာသာရတို့ နှစ်ဦးအား ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။