15 December 2017

ခင်ပွန်းကိုသတ်ပြီး ပလပ်စတစ် ဆာဂျရီ ပြုလုပ်ကာ လူစားထိုးရန် ကြံစည်သည့် အိန္ဒိယ အမျိုးသမီး အဖမ်းခံရ


ခင်ပွန်းသည်ကို သတ်ဖြတ်ပြီးနောက် ပလပ်စတစ် ဆာဂျရီ ခွဲစိတ်ကုသမှု နည်းလမ်းကို အသုံးပြုပြီး အခြားတစ်ဦးကို အစားထိုး နေရာယူစေရန် စီစဉ်ခဲ့သည့် အိန္ဒိယ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးနှင့် သူမ၏ ချစ်သူတို့သည် အမျိုးသမီး၏ ခင်ပွန်းကို ပူးပေါင်း သတ်ဖြတ်ခဲ့ကြောင်း ရဲများက စွပ်စွဲခဲ့သည်။ ထို့နောက်တွင် အမျိုးသမီး၏ ချစ်သူကို ပလပ်စတစ် ဆာဂျရီနည်း အသုံးပြု၍ ခင်ပွန်းဖြစ်သူနှင့် တူညီအောင် ခွဲစိတ်မှု ခံယူပြီး ၎င်း၏ နေရာတွင် အစားထိုး ဝင်ရောက်နိုင်စေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။


အိန္ဒိယတောင်ပိုင်း တီလန်ဂါနာ ဒေသတွင် ဖြစ်ပွားသည့် မှုခင်း၌ လူသတ်မှု ကျူးလွန်ပြီးသောအခါ အမျိုးသမီး၏ ချစ်သူသည် မျက်နှာပေါ်သို့ အက်ဆစ်များ ရည်ရွယ်ချက်ရှိရှိ လောင်းချခဲ့သည်။ ထို့နောက် အမျိုးသမီးက ခင်ပွန်းဖြစ်သူမှာ အက်ဆစ်ဖြင့်ပက်သည့် တိုက်ခိုက်မှုတစ်ခု ကြုံခဲ့ကြောင်း၊ မျက်နှာကို ပလပ်စတစ် ဆာဂျရီနည်းဖြင့် အစားထိုး ကုသရန် လိုအပ်ကြောင်း ယောက္ခမများကို လိမ်လည် အသိပေးခဲ့သည်။
ယောက္ခမများက ယုံကြည်သည့်အတွက် ပလပ်စတစ် ဆာဂျရီနည်းဖြင့် ခွဲစိတ်ရန် ဆေးရုံစရိတ်ပင် ထုတ်ပေးခဲ့သည်။ သို့သော် ခင်ပွန်းသည်၏ ညီဖြစ်သူမှာ ဆေးရုံသို့ သွားရောက်ခဲ့ပြီးနောက် မူမမှန်သည့် အခြေအနေ အချို့ကို သတိပြုမိလာခဲ့သည်။
၎င်းကပင် ရဲတပ်ဖွဲ့ကို အသိပေး တိုင်ကြားခဲ့သည့်အတွက် နောက်ကြောင်းပြန် ဖော်ထုတ်ရာမှာ လူသတ်မှုရော၊ လူစားထိုး ဝင်ရောက်ရန် ကြံစည်မှုပါ စစ်ဆေး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရဲများက လက်ဗွေရာ တိုက်ဆိုင် စစ်ဆေးလိုက်သည်နှင့် အဖြေပေါ်သွားခဲ့ခြင်းဟု ဆိုသည်။ ယခုအခါ ဆွာတီရက်ဒီးဆိုသော အမျိုးသမီးနှင့် ၎င်း၏ ချစ်သူ ရာဂျက်ရှ် အက်ဂျာကိုလူတို့ကို လူသတ်မှုဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
အမျိုးသမီး၏ ခင်ပွန်းသည် ဆူဒါခါ ရက်ဒီးမှာ နိုဝင်ဘာ ၂၆ ရက် ညပိုင်းက အသတ်ခံခဲ့ရပြီး နောက်တစ်နေ့တွင် အလောင်းကို ဖျောက်ဖျက်ခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ သို့သော် ထိုအချက်အလက်ကို တရားဝင် အတည်ပြု ကြေညာခြင်း မရှိသေးချေ။ အဖမ်းခံထားရသည့် စုံတွဲသည် လူသတ်မှုအတွက် ဝန်ခံထားပြီ ဖြစ်ကြောင်းကိုမူ ရဲတပ်ဖွဲ့က အတည်ပြုချက် ပေးထားသည်။
ရက်ဒီး၏ မိဘများသည် ချွေးမ၏ စကားကို ယုံကြည်ကာ ဆေးရုံစရိတ် ရူပီးငါးသိန်း (ဒေါ်လာ ရှစ်ထောင်နီးပါး) ထုတ်ပေးခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အကယ်၍ ရက်ဒီး၏ ညီကသာ မသင်္ကာ မဖြစ်ခဲ့ပါက ၎င်းတို့စုံတွဲ၏ အကြံအစည်မှာ အထမြောက်သွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။