15 January 2018

ဒုက္ခသည်တွေကို နေရာချထားမယ့်အစီအစဉ် ANP ကန့်ကွက်



2018-01-15 RFA

ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လာမယ့် မွတ်ဆလင်တွေကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်းမှာ အစိုးရက ပြန်လည်နေရာချထားမယ့် အစီအစဉ်ကို ကန့်ကွက်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)က ဒီနေ့ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

မောင်တောတောင်ပိုင်းဒေသမှာ ရေရှည်ငြိမ်းချမ်းစေချင်တယ်လို့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် က ပြောပါတယ်။


မောင်တောမြို့နယ် တောင်ဘက်ပိုင်းဟာ ပင်လယ်ကမ်းခြေဒေသတစ်ခုဖြစ်တာကြောင့် အကြမ်းဖက်သမားတွေ အလွယ်တကူဝင်ရောက်နိုင်သလို အကြမ်းဖက်မှုတွေကျူးလွန်ပြီးနောက် အလွယ်တကူထွက်ပြေးတိမ်းရှောင်နိုင်တဲ့နေရာတစ်ခုဖြစ်နေတဲ့အတွက် နိုင်ငံတော်ရဲ့လုံခြုံရေးကို အဓိကအလေးထားရမှာဖြစ်တယ်လို့လည်း ပါတီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တစ်ဘက်နိုင်ငံကိုထွက်ပြေးသွားကြသူတွေထဲမှာ အကြမ်းဖက်မှုကိုကျူးလွန်ခဲ့သူ ၄ ထောင် ကျော်ပါဝင်နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အဲဒီအကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဖမ်းဆီးပြီး မြန်မာဘက်ကို လွှဲပြောင်းပေးဖို့လိုအပ်တယ်လို့လည်း ပါရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားကြသူတွေကိုပြန်လည်လက်ခံပြီးတဲ့နောက် မောင်တောမြို့နယ် မြောက်ပိုင်းက နေရာ ၁၁ ခုမှာ စုစည်းနေရာချထားဖို့ အစိုးရက လျာထားတာဖြစ်ပါတယ်။

အလားတူ မွတ်ဆလင်တွေကို မောင်တောမြို့နယ်တောင်ဘက်ပိုင်းကနေရာအချို့မှာ နေရာချထားမယ့်ကိစ္စအပေါ် ရခိုင်ဒေသခံတွေဘက်က ကန့်ကွက်ပြောဆိုမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို RFA က မနေ့က မေးမြန်းရာမှာ လောလောဆယ် ညှိနှိုင်းနေဆဲဖြစ်ပြီး တိတိကျကျ အတည်ပြုထားတာမရှိသေးဘူးလို့ ပြောပါတယ်။