17 January 2018

ဒေါက်တာအေးမောင်ကို ဖမ်းဆီးရန် ပြည်သူ့လွှတ်တော်၏ ခွင့်ပြုချက် ရရှိ


Wednesday, January 17, 2018
ဉာဏ်လှိုင်လင်း
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဖမ်းဆီးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ထံမှ ခွင့်ပြုချက်ရရှိပြီဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက Frontier ကို ပြောကြားသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ရုံး အရာရှိကြီးများထံ ဆက်သွယ်ရာတွင်မူ တိကျသော အဖြေမရရှိသေးသော်လည်း ဦးဇော်ဌေးက “အခုထိတော့ ဖမ်းမမိသေးဘူး”ဟု ယနေ့ ည ၈ နာရီခွဲခန့်တွင် အတည်ပြုပေးခြင်းဖြစ်သည်။ ဒေါက်တာအေးမောင်အား အမှုဖွင့်မည့် ပုဒ်မများကိုမေးမြန်းရာတွင်မူ ဥပဒေကြောင်းအရ ဆောင်ရွက်နေဆဲဖြစ်သည်ဟု ဦးဇော်ဌေးက ဆိုသည်။



အမှုဖွင့်မှုအခြေအနေကိုသိရှိနိုင်ရန် စုံစမ်းရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးရွှေသောင်းနှင့် ရဲမှူးကြီး မျိုးသူစိုးတို့က တင်ပြချက်အသေးစိတ် ရောက်မလာသေးဟုဆိုပြီး ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတို့နှင့်မူ Frontier က ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်သည် ဇန်န၀ါရီ ၁၅ ရက်ညက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ပြုလုပ်သည့် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့အခမ်းအနား၌ ဟောပြောမှု ပြုလုပ်ခဲ့ပြီးနောက် အစိုးရက အရေးယူရန် စီစဉ်နေခြင်းဖြစ်သည်။

ယနေ့ည ၈ နာရီခန့်အချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်အရ အဆိုပါဟောပြောပွဲတွင် ဗမာများက ရခိုင်လူမျိုးများကို ကျွန်အဖြစ်လောက်သာထားပြီး တန်းတူအခွင့်အရေးမပေးကြောင်း၊ အချုပ်အခြာအာဏာရရှိ ရေးအတွက် လက်နက်ကိုင်တော်လှန်ရေး ဆောင်ရွက်နေသည့်ပုဂ္ဂိုလ်များရှိကြောင်း စသဖြင့် ဒေါက်တာအေးမောင်က ထည့်သွင်းဟောပြောခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ပြောဆိုချက်မှာ တပ်မတော်နှင့် တိုက်ပွဲမကြာခဏဖြစ်နေသည့် ရခိုင့်တပ်မတော် (AA) ကို ရည်ညွှန်းပြောဆို ခြင်းဟုတ်မဟုတ်နှင့် ဟောပြောခဲ့မှုအခြေအနေများကို ဒေါက်တာအေးမောင်ထံ Frontier က ဆက်သွယ်မေး မြန်းရန် ကြိုးပမ်းနေသော်လည်း မရသေးပေ။

အစိုးရ၏ ထုတ်ပြန်ချက်အရမူ လက်ရှိနိုင်ငံရေးအားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်ရန်၊ အချုပ်အခြာအာဏာ ပြန်လည်ရယူလိုရေး စိတ်ဓာတ်မွေးရန် အဆိုပါဟောပြောပွဲ၌ ဒေါက်တာ အေးမောင်က တိုက်တွန်းခဲ့ကြောင်းလည်း ပါဝင်သည်။

ရခိုင်အခြေစိုက်သတင်းဌာနများအဆိုအရ ဒေါက်တာအေးမောင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ရန် စီစဉ်နေသည်ဟု ဆိုကြသည်။ အဆိုပါဟောပြောပွဲ ၌ ၎င်းနှင့်အတူ ဟောပြောခဲ့သည့် ရခိုင်လူငယ်စာရေးဆရာကိုဝေဟင်အောင်ကိုလည်း ယမန်နေ့က ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ ဒေါက်တာအေးမောင်သည် စစ်တွေမြို့၌ ရှိနေပြီး ယနေ့ ညနေပိုင်းအထိ နေပြည်တော်တွင် ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးများသို့ ပြန်လည်တက်ရောက်ရန် စီစဉ်နေသည်ဟု သိရသည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ ဥက္ကဋ္ဌ ရာထူးမှ မကြာသေးခင်ကမှ နုတ်ထွက်စာတင်ထားသူဖြစ်သည်။
https://frontiermyanmar.net/mm/news/8025
---------------------------------------------------------------------------------------------------------------------
Popular News Journal
50 mins
ဒေါက်တာအေးမောင်ကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌခွင့်ပြု
နေပြည်တော်၊ ဇန်န၀ါရီ ၁၇
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်ကို ဥပဒေအရ လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဌက ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက Popular News သို့ ယနေ့ည ၉ နာရီခွဲခန့်ကအတည်ပြုပြောကြားသည်။
ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်း၌ ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားရာဝယ် ယမန်နေ့က မြောက်ဦးမြို့နယ်တွင် ဖြစ်ပွားခဲ့သော လူစုလူဝေးဖြင့် အကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ သေဆုံးမှု၊ ဒဏ်ရာရရှိမှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ခြင်းအတွက် ဝမ်းနည်းမိပါကြောင်းနှင့် ဖြစ်စဉ်၊ ဖြစ်ရပ် အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ရဲချုပ်အောင်ဝင်းဦး တို့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာတွင် ရသေ့တောင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စာရေးဆရာ ဝေဟင်အောင် အား ဥပဒေနှင့်အညီ အမှုဖွင့် ဆောင်ရွက်ထားပြီး ဒေါက်တာအေးမောင်အား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။