14 January 2018

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းအတွက် EIA,SIA ဆန်းစစ်ချက်များကို မကြာမီဆောင်ရွက်မည်


---------------------------------------------------------------------------------------------------------------------

စစ်တွေ၊ ဇန်နဝါရီ ၁၄   
Myanmar Update News Agency - MUNA

ရခိုင်ပြည်နယ်အတွင်း အကြီးဆုံးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် EIA,SIA ဆန်းစစ်ချက်များကို မကြာမီစတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုနှင့် လူမှုဘဝထိခိုက်နစ်နာမှု ဆိုင်တရာ ကိစ္စရပ်များအား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားနိုင်ရန်အတွက် ယခုကဲ့သသို့ လေ့လာဆန်းစစ် ချက်များကို ပြုလုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဒေသခံများ၏သဘောထားများကိုလည်း ရယူထားပြီးဖြစ်ကြောင်း သိရသည်။


“မကြာခင်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုနဲ့ လူမှုရေးထိခိုက်မှု ဆန်းစစ်ချက် တွေကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို လာရောက်ပြီးတော့ အသိပေးတာဖြစ်ပါတယ်။ ထိခိုက်နစ်နာမှုအနည်းပါးဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ သေခံတွေရဲ့သဘောထား တွေကိုလည်း ရရှိပြီးဖြစ်ပါတယ်။”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ စီမံကိန်းအတွင်း အကောင်အထည်ဖော်ဆောင်မည့် လုပ်ငန်းရှင်များနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ ပါဝင်သည့်အဖွဲ့က ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မီဒီယာများအား ရှင်းလင်း ပြောကြားခဲ့သည်။
“အထူးစီးပွားရေးဇုန်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေးနဲ့ပတ်သက်ပြီးတော့ လောလောဆယ်မှာ ဆွေးနွေးဆဲပဲ ဖြစ်ပါတယ်။ နိုင်ငံတောသမ္မကြီးရဲ့ ပီကင်းခရီးစဉ်မှာ ဒီစီမံကိန်းနဲ့ပါတ်သက်ပြီးတော့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးထားပြီးဖြစ်ပါတယ်။”ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ပြောသည်။
ထိုစီမံကိန်းတွင် တရုတ်နိုင်ငံပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် CITIC ကုမ္ပဏီက အထူးစီးပွားရေးဇုန်အကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းအတွက် တင်ဒါအောင်မြင်ထားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် MKSH အများပိုင်ကုမ္ပဏီကလည်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“EIA,SIA လုပ်ငန်းကို ပွင့်လင်းမြင်သာစွာ လုပ်ကိုင်နိုင်ဖို့အတွက် မကြာခင်မှာကျွန်တော်တို့ တင်ဒါခေါ်ပါမယ်။ စိတ်ဝင်စားတဲ့ ကုမ္ပဏီတော်တော်များများကိုတော့ ကျွန်တော်တို့အနေနဲ့ မှတ်ပုံတင်ခြင်းတွေ လုပ်ကိုင်နေပါပြီ။ ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားတာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ CITIC က အရင်ကတည်းကရွေးချယ်ထားတဲ့ ကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့လက်မခံဘူး။ ကျွန်တော်တို့က ဒေသခံတွေဖြစ်ပါတယ်။ ကိုယ့်ဒေသမထိခိုက်အောင် အတွက် ဒါတွေကိုဦးစားပေးပြီးတော့ ဆောင်ရွက်နေတာပါ။”ဟု MKSH ကုမ္ပဏီ အတွင်းရေးမှူး ဦးတင်အောင်က ပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကုန်သွယ်မှုမြှင့်တင် ရေးဌာနတစ်ခုကိုလည်း ဖွင့်လှစ်ပေးသွားမည်ဖြစ်ကာ ယင်းဌာနအားဖွင့်လှစ်နိုင်ရေးအတွက် မြေနေရာများကို ရွေးချယ်လျှက်ရှိကြောင်းသိရသည်။