17 January 2018

မြောက်ဦးတွင် လူစုကွဲစေရန် ပစ်ခတ်ခဲ့ရကြောင်း ပြန်ကြားရေးထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၇
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် လူစုလူဝေးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာတွင် လူစုကွဲစေရန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ညနေ လေးနာရီခန့်က သတင်းထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်မှာ အစိုးရအဖွဲ့က မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ပထမဆုံးအကြိမ်ထုတ်ပြန်သည့် ထုတ်ပြချက်လည်း ဖြစ်သည်။


အရပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ရဲလုပ်ငန်းစဉ်များနှင့် အညီ အဆင့်ဆင့် တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမို ဆိုးရွားလာသဖြင့် သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် အရပ်သား ခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရပြီး အရပ်သား လူစုလူဝေးက ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ၀န်ထမ်း ဆိုင်ကယ်အချို့ ၊ ဌာနပိုင် မော်တော်ယာဉ် အချို့၊ ရုံးခန်းနှင့် မှန်တံခါးများ ပျက်စီးခဲ့ပြီး နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မြောက်ဦးမြို့ နန်းတော်ရာကုန်း၌ ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်န၀ါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၎င်းတို့သည် မြောက်ဦးမြို့ အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
----------------------------------------------------------------------------------------------------------------
ပုံစာ - ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူများကို ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးဆေးရုံတွင် တွေ့ရစဉ်
Photo : Than Htike Phyo