22 January 2018

မြောက်ဦးတွင် သေဆုံးရမှုကန့်ကွက်ပွဲနှင့် ဒေါက်တာအေးမောင်ကို ပြန်လွတ်ပေးရေး မာန်အောင်မြို့တွင် တောင်းဆိုဆန္ဒပြ


2018 နိရဉ္စရာ၊ဇန်န၀ါရီ ၂၂
မြောက်ဦးတွင် ဆန္ဒပြသူများအားဖြိုခွင်းသတ်ဖြတ်မှုအား ကန့်ကွက်ပွဲနှင့် ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ပြန်လွတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြပွဲ တစ်ခုကို မာန်အောင်မြို့တွင် ယနေ့ ပြုလုပ်ခဲ့ကြသည်။


ဆန္ဒပြပွဲကို ဦးဆောင်သူ မာန်အောင် ဒေသခံ ဦးသန်းနိုင်က “ ကျွန်တော်တို့ အချက် သုံးချက်ကို တောင်းဆိုပါတယ်။ မြောက်ဦးအကြမ်းဖက်သတ်ဖြတ်မှုကို ကန့်ကွက်တယ်ဆိုတဲ့ အကြောင်းရယ်၊ နောက်တစ်ခုက ဒေါက်တာ အေးမောင်ကို ဖမ်းဆီးထားတာကို ကန့်ကွက်တာ နဲ့ စာရေးဆရာဝေဟင်အောင်ကို ဖမ်းဆီးထားတာကို ကန့်ကွက်တာတို့ ဖြစ်ကြပါတယ်” ဟု ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ ၁၅၀ ခန့်သည် မာန်အောင်မြို့မြို့ဝင် မြို့ဝင် မြို့ထွက် ဆိုင်းဘုတ်မှ စုရပ်လုပ်ပြီးတော့ မြို့တစ်ပတ်ပတ်ပြီး ကြွေးကြော်သံများကြွေးကြော် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် မြောက်ဦးအကြမ်းဖက်သတ်ဖြတ်သူများအား အရေးယူပေးရေး (ဒို့အရေး)၊

ဒေါက်တာ အေးမောင် ပြန်လွတ်ပေးရေး (ဒို့အရေး)၊ စာရေးဆရာဝေဟင်အောင် ပြန်လွတ်ပေးရေး (ဒို့အရေး) နှင့် ဒီမိုကရေစီအခွင့်အရေး ရရှိရေး ( ဒို့အရေး) စသည့် အချက် ၄ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

“ မြောက်ဦးဖြစ်စဉ်ကို ကြည့်ရင် သံသယဖြစ်စရာ များစွာရှိတယ်။ သူတို့ စွပ်စွဲတိုင်း ကျွန်တော်တို့က မယုံကြည်ဘူး။ နောက်တစ်ခုက လူထု ခေါင်းဆောင်တစ်ဦးနဲ့ လူထု ချစ်မြတ်နိုးတဲ့ စာရေး ဆရာတစ်ယောက်ကို ဖမ်းထားတာဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်နေတဲ့ အတွက် မသင့်တော်ဘူးလို့ ကျွန်တော်တို့က ယုံကြည်တဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဦးသန်းနိုင်က ပြောသည်။

ဆန္ဒပြပွဲတွင် မိနစ် သုံးဆယ်ခန့် ဟောပြောမှုများ ပြုလုပ်ပြီး နေ့လယ် ၁၂ နာရီခွဲတွင် စတင်ကာ မွန်းလွဲ ၂ နာရီတွင် ဆန္ဒပြပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်ဟု သိရသည်။
Narinjara