19 January 2018

“ အထိမခံ ဒီမိုကရေစီဖြစ်နေ”



ဒေါက်တာအေးမောင်ဇနီး နှင့် နိရိဉ္စရာ အင်တာဗျူး

ဒေါက်တာ အေးမောင် ဖမ်းဆီးခံရပြီးနောက် နေအိမ်ကို ရဲတပ်ဖွဲ့က ယမန်နေ့က လာရောက် ရှာဖွေခဲ့ပါတယ်။ ဒီလို ရှာဖွေခံရပြီးတဲ့ နောက် နိရဉ္စရာ သတင်းထောက် စံမောင်သန်းမှ ဒေါက်တာအေးမောင်နေအိမ်သို့ သွားရောက်ပြီး ဇနီးဖြစ်သူနှင့် တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။ မေးမြန်းထားတဲ့ အကြောင်းအရာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

မေး- သူတို့ ဘယ်အချိန်က အိမ်ကို လာရှာပါသလဲ။

ဖြေ- ဒေါက်တာအေးမောင်ကို စစ်တွေမြို့မ ရဲစခန်းမှ နေ့လယ် ၁ နာရီခန့်မှာ ဖမ်းဆီးခေါ် ဆောင်သွားပြီး ညနေ ၄ နာရီ ၄၄ မိနစ်မှာ စစ်တွေမြို့ အိုးတန်းရပ်ကွက်ရှိတဲ့ ကျွန်မတို့နေအိမ်ကို လာရောက်ရှာဖွေပါတယ်။

မေး- ဘယ်အချိန်ထိ ရှာဖွေခဲ့ပါသလဲ။

ဖြေ- ညနေ ၄ နာရီ ၄၄ မိနစ်ကနေ ၅ နာရီ ၁၅ မိနစ်အထိ ပါ။




မေး- ဘယ်သူတွေ လာရှာတာပါလဲ။

ဖြေ- ရှာဖွေတဲ့အထဲမှာ စစ်တွေမြို့မ ရဲစခန်းက ရဲတာဝန်ရှိသူ ၄ ဦး၊ SP တစ်ဦး၊ အိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ကျေးပင်ကြီးအုပ်ချုပ်ရေးမှူးတို့ ပါဝင်ပါတယ်။

မေး- သူတို့ လာရှာတော့ ဘာတွေ ရသွားပါသလဲ။

ဖြေ- သူတို့ ဘာအထောက်အထား တစ်ခုမှ မရရှိ သွားပါဘူး။

မေး-ခုလို လာရှာတော့ ဘယ်လို ခံစားရပါသလဲ။

ဖြေ- ရဲက ယခုလို အိမ်ကို လာရောက် မွေနှောက် ရှာဖွေမှုအပေါ် စိတ်မကောင်း ဖြစ်ရပါတယ်။ ဘ၀မှာ ယခုလို ရဲကလာရောက် စစ်ဆေးမှုကို တစ်ခါမှ မကြုံဖူးပါဘူး။

မေး- ဒေါက်တာ အေးမောင်ကို ဖမ်းဆီးသွားတဲ့ အပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ- ကျမရဲ့ ယောက်ျားကို ဖမ်းဆီးတာဟာ နိုင်ငံရေးအရ လုပ်ကြံမှုလို့ပဲ မြင်ပါတယ်။ ကျမ ယောက်ျားက ပြည်နယ် အစိုးရရဲ့ မရှင်းမလင်း ဖြစ်နေတဲ့ ဘတ်ဂျက် ၃ ဘီလီယံနဲ့ ပတ်သက်ပြီးတော့ ပြည်သူ့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ဖမ်းဆီးမှုဟာ အဲ့ဒီကိစ္စနဲ့ ပတ်သက်နိုင်တယ်လို့ သုံးသပ်မိပါတယ်။

မေး- ရသေ့တောင်မှာ ဟောပြောတဲ့ အထဲမှာ နိုင်ငံတော် အကြည်ညိုပျက်စေတယ်လို့ ပြာပါတယ်။ ဒီအပေါ်မှာကော ဘယ်လို မြင်ပါသလဲ။ ပြောလို့ရရင် ပြောပေးပါ။

ဖြေ- ရသေ့တောင်မြို့မှ ရခိုင်အချုပ်အခြာအာဏာ ကျဆုံးမှုအခမ်းအနားမှာ ဟောပြောတာနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခြင်းဟာ မတရားသဖြင့်ဖမ်းဆီးခြင်းလို့ မြင်ပါတယ်။ မြန်မာတို့က သီပေါမင်း ပါတော်မူတာကို ပြောခွင့်ရှိသလို ရခိုင်လူမျိုးတို့အနေဖြင့် ရခိုင်သမိုင်းတွင် မဟာသမ္မတရာဇာ ပါတော်မူတဲ့ အပေါ် ပြောဆိုခွင့်ရှိပါတယ်။ ပါတော်မူခြင်းနှင့်ပတ်သက်ပြီး သမိုင်းအမှန်ကို မျိုးဆက်သစ် လူငယ်များကို ချပြခြင်းသာဖြစ်ပါတယ်။ နိုင်ငံတော်ကို ထိခိုက်နစ်နာအောင် ပြောဆိုခြင်း မဟုတ်ဘဲ တိုင်းရင်းသားတိုးတက်ရေး အတွက်ကို ဦးတည်၍ ပြောကြားခြင်းသာ ဖြစ်တယ်လို့ မြင်ပါတယ်။

မေး- သူတို့ (အစိုးရ) ဘက်က စွပ်စွဲတဲ့ အပေါ်မှာကော ဘာပြောချင်ပါသလဲ။

ဖြေ- ဒေါက်တာ အေးမောင် စကားပြောတဲ့အထဲက ကိုယ်လိုရာစာတစ်ကြောင်းကိုဆွဲပြီး အဓိပ္ပာယ် ကောက်ယူသွားတာဖြစ်နိုင်တယ်။ စာ ၃ ကြောင်းပေါင်းမှ အဓိပ္ပာယ် ပြည့်စုံမှာဖြစ်ပါတယ်။ ၃ ကြောင်းထဲက တစ်ကြောင်းဆိုတော့ နောက်တစ်မျိုး အဓိပ္ပာယ် ရောက်နိုင်ပါတယ်။ ရသေ့တောင် ဟောပြောမှုနဲ့ ပတ်သက်ပြီးတော့ အသံဖိုင် ရှိပြီးသားပါ။ အမှားပါမယ်လို့ မထင်ပါဘူး။

မေး- အခု ဖမ်းဆီးမှု အပေါ် ဘယ်လို မြင်ပါသလဲ။

ဖြေ- အယင်တုန်းက စစ်အစိုးရလက်ထက်တုန်းကလည်း ပြည်သူတွေက ကြောက်နေခဲ့ရတယ်။ အခု ဒီမိုကရေစီ အစိုးရလက်ထက်မှာလည်း သမိုင်းကြောင်းဆိုင်ရာတွေကို ပြောခွင့်မရှိဘူးဆိုတော့ အထိမခံ ဒီမိုကရေစီဖြစ်နေပါတယ်။

မေး- ဒေါက်တာ အေးမောင်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး နောက်ဆုံး ဘာပြောချင်ပါသလဲ။
ဖြေ- ဒေါက်တာအေးမောင်သည် အမျိုးသားတန်းတူရေးအတွက် အလုပ်လုပ်နေသူ တစ်ဦးသာ ဖြစ်ပြီး၊ နိုင်ငံတော်ကို ပုန်ကန်သူတစ်ဦးမဟုတ်ဘဲ တိုင်းရင်းသားအားလုံး အကျိုးအတွက် လုပ်ဆောင်နေသူတစ်ဦးဖြစ်တဲ့ အတွက် အများရဲ့ လေးစားခြင်းကို ခံရသူ တစ်ဦးဖြစ်ပါတယ်။

(ပြီး)