16 January 2018

လင်းယုန်စီမံချက် အဆင့် (၁)နဲ့ ၁၅ရက်အတွင်း တရားခံပြေး ၈၀ကျော်အပါအ၀င် လူဆိုးလူမိုက်များကို ရန်ကုန်ရဲ ဖမ်းဆီးနိုင်


ရန်ကုန်၊ ဇန်န၀ါရီ ၁၆
ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ ၊ ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ကျူးလွန်သူလူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများနှင့် ပြေး (၄)ပြေးများကို လင်းယုန်စီမံချက် အဆင့် (၁)ဖြင့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စီမံချက်ချ ဖော်ထုတ် ဖမ်းဆီး အရေးယူနေရာမှာ ၁၅ရက်အတွင်း တရားခံပြေး ၈၀ကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်ရဲတပ်ဖွဲ့က ကြေညာသည်။



၂၀၁၈ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ခရိုင်(၄)ခရိုင်အတွင်း လက်နက်များ အက်ဥပဒေဖြင့်အရေးယူ မှု (၈၉)မှု၊လောင်းကစားဥပဒေဖြင့် အရေးယူမှု (၅၆)မှု၊ ပြည့်တန်ဆာအက်ဥပဒေဖြင့် အရေးယူမှု(၁၃)မှု၊ ကျင့်ထုံးပုဒ်မ၅၄ဖြင့်အရေးယူမှု(၁၇၈)မှု၊ ယစ်မျိုးဥပဒေဖြင့်အရေးယူမှု(၁၆၆)မှု၊ ရဲအက် ဥပဒေဖြင့်အရေးယူမှု (၆၆၉)မှု၊ ၁၉၆၁ ခုနှစ်ပြစ်မှုကျူးလွန်တတ်သူများခြေချုပ်နှင့် ခံဝန်အက်ဥပဒေဖြင့် အရေးယူမှု(၁၀၆)မှု၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်အရေးယူမှု (၈၃)မှု၊ ဗီဒီယိုအက်ဖြင့် အရေးယူမှု(၃)မှု၊ စုစုပေါင်း (၁၃၆၃)မှုတို့အား ဖမ်းဆီးရမိအရေးယူခဲ့ကြောင်း၊ယင်းအပြင် ပြေး(၄)ပြေး အနေဖြင့် စစ်ပြေး(၅၃)ဦး၊ ရဲပြေး(၃)ဦး၊ ရဲဘက်ပြေး(၁)ဦး၊ တရားခံပြေး(၈၂)ဦး၊ စုစုပေါင်း (၁၃၉)ဦး တို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်ရဲက ပြောဆိုသည်။
လင်းယုန်စီမံချက်အဆင့်(၁)ကို ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်(၄၄) မြို့နယ်များတွင် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန်ရဲက ခိုး၊ ဆိုး ၊လု ၊ နှိုက်မှု ကျူးလွန်တတ်သူများ ၊ ပြည်သူလူထု အပေါ် အနိုင်ကျင့်ဗိုလ်ကျ အုပ်စုဖွဲ့ကျူးလွန်သူလူဆိုးလူမိုက်များ၊ ဒုစရိုက်မှုများနှင့် ပြေး (၄)ပြေးများကို သတိပေးထားသည်။
PNews