19 January 2018

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရှယ်ယာပိုင်ဆိုင်မှု မြန်မာ-တရုတ် သဘောတူညီချက်ရရှိ



Byထွန်းထွန်းမင်းOn January 18, 2018

ကျောက်ဖြူအထူးစီးပွား ရေးဇုန်အကောင်အထည်ဖော်ရန် ရှယ်ယာပိုင်ဆိုင်မှုကို မြန်မာဘက် က ၃၀ရာခိုင်နှုန်းနှင့်တရုတ်အစိုးရ ပိုင်ကုမ္ပဏီက ၇၀ ရာခိုင်နှုန်းဖြင့် ဇန်န၀ါရီလဆန်းတွင် သဘောတူညီခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေး ၀န်ကြီးဦးကျော်အေးသိန်းကပြောသည်။


၂၀၁၅ တွင် တရုတ်ကုမ္ပဏီ က တင်ဒါအောင်မြင်သော်လည်း အစိုးရအကူးအပြောင်းကြောင့် မြန်မာအစိုးရနှင့် တရုတ်ကုမ္ပဏီ ကြား ရှယ်ယာပိုင်ဆိုင်မှုကို အချိန် ကြာညှိနှိုင်းခဲ့ပြီး ယခုလိုသဘော တူညီချက်ရရှိခြင်းဖြစ်၍ လုပ်ငန်း များစတင်နိုင်ရန် သဘာဝပတ် ၀န်းကျင်ထိခိုက်မှုနှင့် လူမှုဘ၀ထိ ခိုက်မှုများကို လေ့လာတော့မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

အဆိုပါစီမံကိန်းကို ဦးသိန်း စိန်အစိုးရလက်ထက်တွင် ရေ နက်ဆိပ်ကမ်း၊ ကျောက်ဖြူအထူး စီးပွားရေးဇုန်နှင့် အိမ်ရာစီမံကိန်း ဟု အပိုင်းသုံးပိုင်းဖြင့်အကောင် အထည်ဖော်ရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။

ဦးသိန်းစိန် အစိုးရ သက် တမ်းကုန်ခါနီးတွင် တရုတ်အစိုးရ ပိုင် CITIC ကုမ္ပဏီကိုတင်ဒါပေး ခဲ့သည်။ တင်ဒါတွင် အဆိုပါစီမံ ကိန်းကို တရုတ်ဘက်က ရှယ်ယာ ပိုင်ဆိုင်မှု ၈၅ ရာခိုင်နှုန်း၊မြန်မာ ဘက်က ၁၅ ရာခိုင်နှုန်းဖြင့်အ ကောင်အထည်ဖော်ရန် သဘော တူထားခြင်းဖြစ်သည်။ ထိုအချက် ကို လက်ရှိအစိုးရက သဘောမတူ ၍ ပြန်လည်ညှိနှိုင်းခြင်းဖြစ်ပြီး ညှိ နှိုင်းမှုကြောင့် မြန်မာဘက်က ၁၅ ရာခိုင်နှုန်းပိုရခဲ့ခြင်းဖြစ်သည်။

‘‘၃၀-၇၀ အပိုင်းကို ဆုံး ဖြတ်တာပဲရှိတယ်။ ကျန်တာဆုံး ဖြတ်တာမရှိသေးဘူး။ သဘောတူ ညီချက်တော့ မထိုးရသေးဘူး။ ယာယီတော့ သဘောတူထား လိုက်ပြီ’’ ဟု ဦးကျော်အေးသိန်း က ပြောသည်။

စီမံကိန်းစတင်အကောင်အ ထည်ဖော်ရာတွင် ယခင်အစိုးရ လက်ထက်သဘောတူထားသည့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန်ကိုသာ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း၎င်းကပြောသည်။ အိမ်ရာစီမံကိန်းကို နောက်ပိုင်း ဆက်လက်အကောင် အထည်ဖော်မည်ဟု ဦးကျော် အေးသိန်းကဆို သည်။

အထူးစီးပွားရေးဇုန်စီမံကိန်း ကို စတင်အကောင်အထည်ဖော် ရန် သဘာဝပ တ်ဝန်းကျင်နှင့် လူ မှုဘ၀ထိခိုက်မှုဆိုင်ရာ (EIA/SIA)စစ်တမ်းလေ့လာမှုများကို ရက်ပိုင်းအတွင်း စတင်မည်ဟုအ ထူးစီးပွားရေးဇုန်များ၏ တာဝန် ခံဝန်ကြီးဌာနဖြစ်သည့် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောကြားသည်။

EIA/SIA လေ့လာမှုပြီးစီး လျှင် စီမံကိန်းအတွက် လိုအပ် သည့် Master Plan ရေးဆွဲမည် ဟု ဦးကျော်အေးသိန်းက ပြော သည်။ အဆိုပါအထူးစီးပွားရေး ဇုန်စီမံကိန်းတွင် ဒေသခံများလည်း ပါဝင်နိုင်မည်ဖြစ်ပြီး ကုမ္ပဏီ ၅၀ ကျော်ဖြင့်ဖွဲ့စည်းထားသော အများပိုင်ကုမ္ပဏီမှ ပါဝင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

တင်ဒါ အောင်ထားသည့် CITIC ကုမ္ပဏီ အုပ်စုသည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အတွင်း စက်မှုဇုန်နှင့် ရေနက်ဆိပ် ကမ်းစီမံကိန်းနှစ်ခုကို ဒေါ်လာ ကိုးဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုသည်။