20 January 2018

ဦးဦးလှစောနှင့် မေးမြန်းခြင်း

သတ်ချင်လို့သတ်ကြတယ်
အမိန့်ပေးတဲ့ကောင်ရာထူးချက်ချင်းတိုးသွားတယ်၊
သီဟတင်စိုးဇတ်ကားတွေကြည့်နေရသလိုပဲ

“မရိုးသားတဲ့အင်အားစုတွေက သတ်ကွင်းနေရာထဲကိုခေါ်သွားပြီးတော့ ရောက်တဲ့အခါ စိတ်ကြိုက်သတ်တဲ့ ပုံစံမျိုးဖြစ်သွားတယ်”
ဦးဦးလှစောနှင့် မေးမြန်းခြင်း
မြောက်ဦးမြို့တွင် ရခိုင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းခြင်းအခမ်းအနား စာပေဟောပြောပွဲကျင်းပခွင့် တားမြစ်ခံရရာမှ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရာ ရဲတပ်ဖွဲ့က အင်အားသုံးဖြေရှင်းသဖြင့် အရပ်သားခုနစ်ဦးသေဆုံးကာ ၁၂ ဦးဒဏ်ရာရခဲ့သည်။ ယင်းအပြင် စာပေဟောပြောပွဲတစ်ခုတွင် ဟောပြောချက်ကြောင့် ဒေါက်တာအေးမောင် ဖမ်းဆီးခံရသည်။ ယင်းကိစ္စတို့နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဦးလှစောကို မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြပါသည်။ ၎င်းသည် မြောက်ဦးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်ပါသည်။
Voice – မြောက်ဦးဖြစ်ရပ်မှာ လူထုက အကြမ်းဖက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လုပ်ရတယ်လို့ အစိုးရက ထုတ်ပြန်တယ်။ မြေပြင်အခြေအနေက အဲဒီလိုဟုတ်ရဲ့လား။


UHS – ဒါကတော့ သက်ဆိုင်ရာအာဏာပိုင်ဘက်က ထုတ်ပြန်ချက်ပေါ့။ ကျိုးကြောင်းခိုင်လုံမှု မရှိပါဘူး။ ကျွန်တော် သိသလောက်ကတော့ ဒီလူထုက အဲဒီနေရာကိုတော့ ရောက်သွားတယ်ပေါ့။ အဲဒါကိုဖြေရှင်းဖို့ ရဲမှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ရှိပါတယ်။ အဆင့်ဆင့်ရှိတဲ့ ဖြေရှင်းနည်းကိုလည်း တိတိကျကျ အကောင်အထည်ဖော်မှုမရှိဘူး။ အခုက မိုးပေါ်ထောင်ပစ်တယ်။ ပြောလို့မရတဲ့အခါ တိုက်ရိုက်ပစ်တယ်။ ပြီးတော့ ဖြစ်တဲ့ညမှာ အလောင်းတွေ ချက်ချင်းကောက်ယူလို့မရ (အခင်းဖြစ်နေရာမှ) တဲ့ အနေအထားမှာရှိတော့ ဒီထုတ်ပြန်ချက်က ယုံကြည်လောက်တဲ့ အနေအထားမှာမရှိပါဘူး။ ဒီကိစ္စကပြောရရင် ဟောပြောပွဲ အထမမြောက်တဲ့အခါ လူထုသည် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်။ ဟောပြောပွဲ စီစဉ်သူတွေကလည်း လူထုကိုတာဝန်ယူနိုင်မှုမရှိ၊ ထိန်းကျောင်းနိုင်မှုမရှိ။ သတင်းအချက်အလက်တွေကို လူထုသိအောင် ဖြန့်ပေးနိုင်မှုမရှိတော့ အဲဒီအချိန်မှာ မရိုးသားတဲ့အုပ်စုတွေက လမ်းပေါ်ဆွဲတင်ပြီးတော့ အပစ်ခံရမယ့်နေရာကို ရောက်သွားတယ်ပေါ့။ သို့သော် သွားရတဲ့ခရီးကလည်း တစ်မိုင်လောက်ရှိတယ်။ ဒီကြားထဲမှာလည်း လုံခြုံရေးအဖွဲ့အနေနဲ့ အဆင့်ဆင့်ဟန့်တားရင်လည်း ရနိုင်ပါတယ်။ အခုကတော့ လူထုသည် လမ်းပေါ်ကို ဆွဲတင်ခံရတယ်။ ဒါကိုမရိုးသားတဲ့ အင်အားစုတွေက (လူထုကို) သတ်ကွင်းနေရာထဲကို ခေါ်သွားပြီးတော့ ရောက်တဲ့အခါ စိတ်ကြိုက်သတ်တဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒီလိုပဲ မြင်ပါတယ်။
နန်းရာကုန်းထက် (ဟောပြောပွဲကျင်းပသည့် နေရာ) က ဆင်းသွားပြီးတော့ မြို့ကိုပတ်တယ်။ ပတ်ပြီးမှ အဲဒီ (အခင်းဖြစ်သည့် ခရိုင်အုပ်ချုပ်ရေးမှူး ရုံး) နေရာကိုသွားတဲ့ တစ်မိုင်ခရီးဆိုတာနည်းတာ မဟုတ်ဘူး။ အဲဒီကြားထဲမှာကားနဲ့ ပိတ်ထားလို့လည်း ရတယ်။ အကာအရံတွေ ချထားလို့လည်းရတယ်။ စည်းတစ်တန် နှစ်တန် သုံးတန်ခြားပြီး မကျော်ပါနဲ့လို့လည်းလုပ်လို့ရတယ်။ ဒါကဟိုင်းဝေးလမ်းမကြီးတင်မက လမ်းကြားထဲကို ဖြတ်ပြီးမှရောက်တာ။ ကြိုတင်ပြင်ဆင်ဖို့ အချိန်ရပါတယ်။ အဲဒါကိုအချိန်မီ တားဆီးခြင်းမရှိဘဲနဲ့ အဲဒီနေရာရောက်မှ ချေမှုန်းတာခံရတယ်။ ရခိုင်လူထုက ပြောသလို ဒါက တမင်သက်သက် အညွှန့်ချိုးချင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်ပေါ့။ အမိန့်အာဏာသည် ပြည်ထဲရေးက ထွက်လာတာလား။ တာဝန်ရှိတာသည် ရခိုင်ပြည်နယ် အစိုးရလားဆိုတာကို ဇဝေဇဝါဖြစ်တယ်။ သို့သော် နေပြည်တော်မှာ တင်ပြတဲ့အခါ အကျဉ်းချုပ်ပြီး တင်ပြတယ်။ တိုတောင်းတဲ့အချိန်မှာ ဖြစ်စဉ်အသေး စိတ်ကိုလည်း ဘယ်လောက်အထိသိနိုင်မှာလဲ။
Voice – အစိုးရထုတ်ပြန်တဲ့ အထဲမှာ လူအုပ်စုထဲကို သေနတ်နဲ့ ၁၀ ချက် ပစ်ခဲ့တယ်လို့ ပြောတယ်။ အခုက သေတာခုနစ်ယောက်နဲ့ ဒဏ်ရာရတာက ၁၂ ယောက်ရှိတယ်။ ဒီအချက်ကိုရော ဘယ်လိုမြင်လဲ။
UHS – ဒါကို ကျွန်တော်လည်းစဉ်းစားလို့ မရဘူး။ ထုတ်ပြန်ချက်သည် သက်ဆိုင်ရာရခိုင်ပြည်နယ်ကက်ဘိနက်ကနေသွားတာလား။ သို့တည်းမဟုတ် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သွားတာလား။ အစိုးရ ရထားတဲ့သတင်းက အမှားလားဆိုတာ ပြန်ပြီးစုံစမ်းစစ်ဆေးရမယ်။ အဲဒါကြောင့် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်လိုတယ်။ ဒေသခံတချို့က ဓာတ်ပုံရိုက်ထား တယ်လို့ပြောတယ်။ မှတ်တမ်းတင်ထားကြတယ်။ သေဆုံးသူတွေမှာ သေနတ်ဒဏ်ရာနဲ့ မဟုတ်ဘဲ ဓားထိုးဒဏ်ရာနဲ့ သေဆုံးထားတာလည်း တွေ့တယ်လို့ ပြောကြတယ်။ မျက်နှာတွေမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ၊ ဓားဒဏ်ရာတွေကိုပါ တွေ့ရတယ်လို့ ပြောပါတယ်။ အခုတော့ ပြည်နယ်လွှတ်တော်ကလည်း စုံစမ်းစစ်ဆေး ရေး တာဝန်ပေးမယ်လို့ သိရတယ်။ နေပြည်တော် ဗဟိုအဆင့်ကလည်း ဒါကို စုံစမ်းစစ်ဆေးသင့်တယ်။ အင်းဒင်လို မွတ်ဆလင် ၁၀ ယောက်သေတဲ့ကိစ္စမှာ ကမ္ဘာကြီးကအော်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စစ်ခဲ့တယ်။ အခုလည်းရခိုင် ၁၀ ယောက်နီးပါး လုံခြုံရေးတပ်ဖွဲ့ရဲ့ လက်ချက်ကြောင့် သေရတာကတော့ စစ်ဆေးစရာမလိုဘူးဆိုရင် ရခိုင်တွေရင်ထဲမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ဖြစ်သွားမလဲဆိုတာလည်း ကြိုတင်စဉ်းစားဖို့ ကောင်းတယ်။ ဒီကိစ္စကို အမှန်တကယ် ပေါ်ပေါက်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့သင့်တယ်။ စဉ်းစားကြည့်လေ။ ၁၉၈၈ လို လှုပ်ရှားမှုကြီးမှာတောင် ရခိုင်တစ်ပြည်လုံးမှာ စစ်တွေ မြို့မှာ လူခုနစ်ယောက် မသေဘူး။ မြောက်ဦးမှာ တစ်ယောက်မှ မသေဘူး။ ဘာမဟုတ်တဲ့ ဟောပြောပွဲ တစ်ခုမှာအခန့်မသင့်လို့ လူခုနစ်ယောက်သေတာက ရခိုင်တွေအနေနဲ့ ဘယ်လိုခံစားရမယ်ဆိုတာကို စဉ်းစားကြည့်ပါ။
Voice – ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း၊ ဝမ်းနည်းခြင်းအခမ်းအနား စာပေဟောပြောပွဲကို အာဏာပိုင်တွေက ဘာလို့ ခွင့်မပြုချင်တာလို့ထင်လဲ။
UHS – စာပေဟောပြောပွဲ ယဉ်ကျေးမှုသည် မြန်မာတစ်ပြည်နယ်လုံးမှာ စာပေမဆန်တော့ဘူး။ မြန်မာတစ်နိုင်ငံလုံးမှာ စာပေဟောပြောပွဲတွေက နိုင်ငံရေးဆန်ပြီးတော့ ကြမ်းတမ်းလာတယ်။ အဲဒီယဉ်ကျေးမှုသည် ရခိုင်ပြည်ကိုလည်း ကူးလာတော့ ရခိုင်ပြည် စာပေဟောပြောပွဲတွေမှာလည်း ဒေသန္တရအခြေအနေ၊ အလုပ်လက်မဲ့အခြေအနေ၊ စီးပွားရေးကျဆင်းမှု၊ ခေတ်ပညာမတတ်မှု၊ တခြားလူမှုရေး ပြဿနာတွေ ရှုပ်ထွေးလာတော့ စာပေဟောပြောပွဲ တွေက နိုင်ငံရေးဆန်လာတယ်။ နိုင်ငံရေးဆန်တာနဲ့အမျှ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်ပြီးတော့ စာပေဟောပြောပွဲစင်မြင့်ထက်ကို ပြင်းပြင်းထန်ထန် တက်လာတာတွေ့တယ်။ အစကတော့ တစ်စုံတစ်ရာ လွှတ်ထားတယ်။ ရခိုင်အချုပ်အခြာအာဏာကျဆုံးပွဲကို တချို့ကလည်း ၃၁ ဒီဇင်ဘာမှာ ကျင်းပတယ်။ အဲဒီအထိတော့ ထိထိရောက်ရောက် ဟန့်တားတာမျိုး မတွေ့ရဘူး။ နောက်တစ်ခုက ရုံးလုပ်ထုံးလုပ်နည်းအရ ငြိမ်းစုစီဥပဒေနဲ့တင်ဖို့ ခွင်ပြုချက်ကျဖို့ သေချာမလုပ်ဘဲနဲ့ ဖြစ်ကတတ်ဆန်း လွှတ်ထားပြီးတော့ အခုကျမှ ရုတ်တရက်ကိုင်လိုက်တာ့ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေက လိုတစ်မျိုး မလိုတစ်မျိုးလုပ်ရာ ရောက်နေတယ်။ လွှတ်တုန်းက လွှတ်ထားတယ်။ ကိုင်ချင်တဲ့အချိန် ကိုင်တယ်။ အဲဒါအပြင် လုံခြုံရေးတပ်ဖွဲ့က အရေးယူလိုက်တယ်ဆိုတာက သက်သက် ရခိုင်တွေကို ချိုးနှိမ်တာလားဆိုပြီးတော့ စိတ်ခံစားမှုလည်း ရခိုင်တွေမှာဖြစ်နေတယ်။ နောက်တစ်ခုက ရခိုင်တွေက စဉ်းစားတဲ့အခါ မွတ်ဆလင်ကိစ္စနဲ့လည်း ဆက်စပ်ပြီး စဉ်းစားတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်အုပ်စုတွေက လူရာနဲ့ချီနဲ့ ဝိုင်းလာတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်တစ်ချက် မဖောက်ဘဲ နောက်ဆုတ်ပြေးတယ်။ အခုကျတော့ အကြမ်းဖက်တာမျိုးလည်းမဟုတ်ဘဲနဲ့ ဆန္ဒပြကြွေးကြော်တာလောက်ကို လုံခြုံရေးအဖွဲ့တွေက သေနတ်နဲ့ပစ်တယ်ဆိုရင် မွတ်ဆလင်ကျတစ်မျိုး၊ ရခိုင်ကျတစ်မျိုးလုပ်တာလားဆိုပြီး ပိုပြီးစိတ်ထဲမှာ အနာတရဖြစ်ပြီးတော့ နာကျည်းတာ ပိုများလာတာ တွေ့ရပါတယ်။
Voice – နောက်တစ်ခုက ဒေါက်တာအေးမောင်က ရသေ့တောင်မြို့မှာကျင်းပတဲ့ စာပေဟောပြောပွဲမှာ လူထုစည်းရုံးရေးနည်းလမ်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းနဲ့ အချုပ်အခြာအာဏာကိုရယူဖို့ လုပ်ရမယ်။ ရခိုင်လူမျိုးကို ဗမာကျွန်လောက်ပဲ သဘောထားပြီး တန်းတူအခွင့်အရေးမပေးဘူးဆိုပြီး ပြောခဲ့တယ်လို့ အစိုးရကထုတ်ပြန်တယ်။ ဒါကြောင့် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်နွှယ်မှုနဲ့ အမှုဖွင့်ဖမ်းထားတယ်။ ဒေါက်တာအေးမောင်ကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်က အဓိပ္ပာယ်ကောက်လွဲတာလို့ ပြောပါတယ်။ ဖမ်းဆီးခံတဲ့အပေါ် ဘယ်လိုမြင်လဲ။
UHS – ဒါကတော့ သူ့အယူအဆကိုသူစင်မြင့်ထက် တက်ပြောတော့ပဲလေ။ ဒါက ပြစ်မှုမြောက်လား မမြောက်လားဆိုတာ ပြောဖို့ကတော့ ကျွန်တော်က ဥပဒေသမားလည်းမဟုတ်ဘူး။ အခုက သာမန်လူသားတစ်ယောက်အနေနဲ့ သူ့အယူအဆကို သူပြောတာပဲလေ။ ပြစ်မှုမြောက်တယ်ဆိုရင်လည်း ဥပဒေကြောင်းအရ ခိုင်ခိုင်မာမာလုပ်ရမှာ။ လတ်တလောအချိန်တိုအတွင်းမှာ ဗြုန်းစားကြီး ဆုံးဖြတ်ပြီးတော့ တံဆိပ်အမျိုးမျိုးကပ်တာကတော့ ဆန္ဒစောတယ်လို့ မြင်ပါတယ်။ အာဃာတတွေပါလား။ အဲဒီလိုလုပ်ခြင်းအားဖြင့် တိုင်းပြည်အတွက်လည်း ဘာမှအကျိုးမရှိပါဘူး။ ဒါကို သေချာစဉ်စားပြီးလုပ်ရမှာကို အချိန်တိုအတွင်းမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဗြုန်းစားကြီး လုပ်တာက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဘာမှအကျိုးမရှိပါဘူး။ အရင်ကတော့ စာပေဟောပြောတာကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတာမကြားဖူးဘူး။ အများဆုံးအဆင့်ကတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းစုစီဥပဒေကိုချိုးဖောက်မှု ဒီလောက်ပဲ ကြားဖူးပါတယ်။ အဲဒီပုဒ်မက အလွန်တရာ ကြီးလေးပါတယ်။ စာပေဟောပြောပွဲသမိုင်းမှာတော့ ကျွန်တော်လေ့လာမိသလောက် ဒီလိုမျိုးကတစ်ခါမှမရှိဖူးဘူး။
Voice – မြောက်ဦးဖြစ်စဉ်ရယ်၊ ဒေါက်တာအေးမောင် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ရယ် တစ်ပြိုင်တည်းဖြစ်တယ်။ ဒီဖြစ်ရပ်နှစ်ကို ဘယ်လိုသုံးသပ်လဲ။
UHS – ဖြစ်စဉ်နှစ်ခုကြားမှာ နောက်ကွယ်မှာ မမြင်ရတဲ့ အင်အားစုတွေ ရှိနိုင်တယ်လို့ ထင်တယ်။ မြောက်ဦးမှာဆိုရင် လူအုပ်ကိုလမ်းမပေါ် ဆွဲတင်လိုက်တယ်။ နောက်ပြီးတော့ သတ်ကွင်းတစ်နေရာကို ခေါ်သွားတယ်။ ရောက်တဲ့အခါလည်း တကယ့်ပိပိရိရိသတ်တယ်။ တော်ရုံတန်ရုံတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့ နောက်ကွယ်က အစီအစဉ်ချပြီးလုပ်တဲ့ အင်အားစုရှိလားဆိုတာဖော်ထုတ်သင့်ပါတယ်။နောက်ပြီးတော့ ၂၃ ရက်နေ့မှာ ဘင်္ဂါလီခြောက်သိန်းကို လက်ခံမယ့်အစီအစဉ်တွေရှိတဲ့အတွက် တချို့က ဆက်စပ်ပြီးစဉ်းစားကြတယ်။ နိုင်ငံရေးဆိုတာကတော့ ပြောလို့မရဘူး။ ဗြုန်းစားကြီး ပြောဖို့တော့ အခက်အခဲ ရှိပါတယ်။ အချက်အလက်လည်း လိုတယ်။ သို့သော် မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး။ ဟုတ်တယ်လို့လည်း မပြောနိုင်ဘူး။ ကော်မရှင်တွေဖွဲ့ပြီး သေချာစုံစမ်းစစ်ဆေးဖို့လိုတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးကာလမှာ မီးစကြီးတစ်ခု ဖြစ်သွားတယ်ဆိုတာကို အာဏာပိုင်တွေက အသိအမှတ်မပြုလို့ မရဘူး။ ပြုကို ပြုရမယ်။
The Voice