18 January 2018

ကျောင်းသွားစဉ် ပျောက်ဆုံးနေသည့် အမျိုးသမီးငယ်(၅)ဦး ပြန်လည်တွေ့ရှိ



17 January 2018


မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဇန်န၀ါရီ(၁၅)ရက်က ကျောင်းသွားစဉ်ပျောက်ဆုံးပြီးလူပျောက်တိုင်ကြားထားတဲ့ အမျိုးသမီးငယ်(၅)ဦးကို ဇန်န၀ါရီ(၁၇)ရက်က ပြန်လည်တွေ့ရှိပြီဖြစ်တဲ့ အတွက် မိဘတွေဆီပြန်လည် အပ်နှံသွားမယ်လို့ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်ဌေးကပြောပါတယ်။ ပျောက်ဆုံးသွားတဲ့အသက်(၁၄)နှစ်၊(၁၅)နှစ်အရွယ်အမျိုးသမီးငယ်တွေထဲမှာ န၀မတန်းကျောင်းသူ(၄)ဦးပါဝင်ပြီး ကျန်တစ်ဦးကတော့ စက်ချုပ်အလုပ်လုပ်ကိုင်ပြီး ပျောက်ဆုံးကျောင်းသူတွေထဲက တစ်ဦးရဲ့အစ်မဖြစ်ကာ ကျောင်းကိုသွားရောက်စဉ်ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။


ပျောက်ဆုံးကလေးငယ်တွေဟာ အလုပ်လုပ်ဖို့ ရန်ကုန်ကို ထွက်ခွာခဲ့ကြတာဖြစ်ပြီး အဆင့်ဆင့်စုံစမ်းပြီး ပြန်လည် ခေါ်ယူနိုင်ခဲ့တာဖြစ်တယ်လို့ မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ရဲမှူးမြင့်ဌေးကပြောပါတယ်။

ဇန်န၀ါရီ(၁၅)ရက်ကအမျိုးသမီးငယ်(၅)ဦးထဲကညီမနှစ်ဦးဟာဖခင်နဲ့စိတ်ဆိုးပြီးသူငယ်ချင်းတွေကို စုကာနံနက်(၉)နာရီခန့်ကရန်ကုန်မြို့ကိုသီရိရတနာမော်တော်ယာဉ်နဲ့စီးနင်းထွက်ခွာခဲ့ကြတာဖြစ်ပြီး ညနေ(၄)နာရီခန့်မှာရန်ကုန်အောင်မင်္ဂလာအဝေးပြေးကားဝင်းကိုရောက်ရှိကာ အမျိုးသမီးတစ်ဦးနဲ့တွေ့ဆုံရင်းနှီးခဲ့ပြီိးအဲဒီအမျိုးသမီးရဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ်မှာတစ်ညအိပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဇန်န၀ါရီ(၁၆)ရက်မှာတော့ ရန်ကုန်ကနေကရင်ပြည်နယ်ဘားအံမြို့ကိုအဝေးပြေးကားနဲ့ထွက်ခွာခဲ့ကြပြီး ည(၈)နာရီခန့်မှာဘားအံကိုရောက်ရှိကာ တည်းခိုခန်းမှာ(၁)ညအိပ်ခဲ့ပြီးဇန်န၀ါရီ(၁၇)ရက်နံနက်(၈)နာရီမှာဘားအံမြို့ကနေမော်လမြိုင်မြို့ကိုခရီးသည်တင်အဝေးပြေးကားနဲ့အပြန်မှာဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းကတာဝန်ရှိသူတွေနဲ့ဇာသပြင်တံတားရှိတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီးပြန်လည်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။


အမျိုးသမီးငယ်တွေဟာ အိမ်ကနေခရီးထွက်သလိုခဏထွက်သွားကြတာဖြစ်တယ်လို့ ပျောက်ဆုံးအမျိုးသမီးငယ်တစ်ဦးရဲ့ဖခင်တစ်ဦးကအခုလိုပြောပါတယ်။

ပြန်လည်တွေ့ရှိခဲ့တဲ့အမျိုးသမီးငယ်တွေကိုသူတို့မိဘတွေနဲ့ပြန်လည်အဆင်ပြေအောင်နေထိုင်နိုင်ကြဖို့နဲ့ မိဘတွေကလည်း ကလေးတွေကို ညင်သာစွာဆုံးမကြပြီး နောက်နောင်ဒီလိုဖြစ်စဉ်မျိုးမဖြစ်ပေါ်စေဖို့အတွက်ပြောဆိုဆုံးမကာမိဘတွေလက်ထဲစနစ်တကျပြန်လည် ထည့်ပေးခဲ့ပြီး အမျိုးသမီးငယ်တွေရဲ့ ပညာရေးကိုထိခိုက်မှုမရှိစေဖို့ အတွက်လည်းပညာရေးဌာနနဲ့ညှိနှိုင်းပြီးဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းကိုမော်လမြိုင်ဗျူရိုမှသတင်းထောက်ဗထူးကပေးပို့ပါတယ်။

Central News Bureau