21 January 2018

ကာစီနို နဲ့ လောင်းကစားရုံတွေ ပိတ်သိမ်းဖို့ ဆန္ဒပြ



2018-01-21 RFA


ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ကာစီနို နဲ့ လောင်းကစားရုံတွေ ရာသက်ပန် ပိတ်သိမ်းရေးအတွက် ဒေသခံပြည်သူတွေနဲ့ သံဃာတွေစုစုပေါင်း ၂၀၀ ဝန်းကျင်က ဒီနေ့ မြို့တွင်းမှာ လမ်းလျှောက် ဆန္ဒပြကြပါတယ်။

လောင်းကစားရဲ့ နောက်ကွယ်မှာ မူးယစ်ဆေးပါ ပါဝင်လာနေတဲ့အတွက် မြို့မှာ လုယက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရွှေကျောင်းဆရာတော် ဦးသောဘိတ က မိန့်ပါတယ်။


လောင်းကစားဝိုင်းတွေ ထည့်သွင်းကျင်းပတဲ့ ပွဲလမ်းသဘင်တွေ အမြဲမပြတ် ရှိနေတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ အခက်အခဲဖြစ်နေသလို သက်ကြီးရွယ်အိုတွေအတွက်လည်း အနှောင့်အယှက်ဖြစ်ရတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

မြဝတီခရိုင်အတွင်း လောင်းကစားမှန်သမျှ ရာသက်ပန် ဖျက်သိမ်းဖို့ နဲ့ အကျင့်ပျက် ဝန်ထမ်းတွေကို အရေးယူပေးဖို့ တို့ကို တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြို့မိမြို့ဖတွေနဲ့ စည်ပင်သာယာရေး ကော်မတီဝင်တွေဟာ လောင်းကစားဝိုင်းတွေကို ဖယ်ရှားပေးဖို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနထံ စာရေးတောင်းဆိုထားပါတယ်။

မြ၀တီမြို့မှာ ဖွင့်လှစ်ထားတဲ့ ကာစီနို နဲ့ လောင်းကစားရုံတွေဟာ တရားဝင်သဖွယ် ကြော်ငြာ ဆိုင်းဘုတ်တွေ စိုက်ထူပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေတယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ပြောထားပါတယ်။

မြဝတီမြို့မှာ ကာစီနို ခုနှစ်ရုံ ၊ ငါးဂိမ်းဆိုင်က ၆၁ ရုံရှိပြီး အာဝဒေးပွဲတွေကတော့ ၁၁ ပွဲ ရှိတယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက ပြောပါတယ်။