17 January 2018

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံရခြင်း မသိသေးဟု ဒေါက်တာ အေးမောင်ပြော


ရန်ကုန်၊ ဇန်နဝါရီ ၁၇
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားမှုကို မသိရသေးကြောင်း အမ်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ယနေ့ညနေ လေးနာရီခန့်က ပြောကြားသည်။

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ရာထူးနှင့် ပါတီဝင် အဖြစ်က နုတ်ထွက်ခွင့် တောင်းထားသည့် ဒေါက်တာ အေးမောင်သည် ယခုသီတင်းပတ်အတွင်း ရခိုင်ပြည်နယ်ရှိမြို့နယ် အချို့တွင် လူထုနှင့်တွေ့ဆုံခြင်း၊ စာပေဟောပြောပွဲများတွင် ဟောပြောလျက်ရှိသည်။


ရသေ့တောင်မြို့တွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်သည့် ‘ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား စာပေဟောပြောပွဲ’ တွင် ဒေါက်တာအေးမောင်၏ ဟောပြော ချက်နှင့် ပတ်သက်၍ ဒေသအာဏာပိုင်က ပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက မီဒီယာအချို့ကို ဖြေကြားထားသည်။

Image may contain: 1 personဒေါက်တာအေးမောင်နှင့်အတူ စာပေဟောပြောခဲ့သည့် စာရေးဆရာ ဝေဟင်အောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ယင်းပုဒ်မဖြင့် စစ်တွေမြို့တွင် ဖမ်းဆီးခဲ့သေးသည်။

အမှုဖွင့်ထားမှုနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်ကို မေးမြန်းရာ လက်ရှိတွင် နေအိမ်၌ အနားယူနေပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်အစည်းအဝေးများ တက်ရောက်ရန်သွားမည်ဟု ပြောဆိုကာ အမှုဖွင့်မှုအပေါ် မသိသေးဟု ဖြေကြားသည်။

“အမှုဖွင့်တယ်၊ မဖွင့်ဘူးက ကျွန်တော်လည်း မကြားဘူး။ တကယ်လို့ အမှုဖွင့်တယ်ဆိုရင်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဆီကို ခွင့်ပြုချက် တောင်းဖို့လိုတာပေါ့။ တောင်းပြီးသား ဖြစ်ရင်လည်း ဖြစ်မယ်။ မပြောတတ်ဘူး။ ကျွန်တော်ကတော့ ၁၇(၁) ၊ ၅၀၅ (ခ) နဲ့ နွှယ်တဲ့ စကားလုံးတွေကို မပြောခဲ့ဘူးလို့ ထင်တယ်။ ကျွန်တော့်မှာ အသံဖိုင်လည်း ပါပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပုဒ်မ ၁၇ (၁) မှာ မတရားအသင်းနှင့် ဆက်နွှယ်မှုဖြစ်သည်။
ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ကျင်းပရန် လုပ်ဆောင်ခဲ့သည့် ‘ရခိုင့်နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား’ တွင် စာပေဟောပြောမည့် အစီအစဉ်တွင် ဒေါက်တာ အေးမောင်ပါဝင်ခဲ့ပြီး ပွဲရုတ်သိမ်းခဲ့သဖြင့် ဟောပြောခွင့်မရခဲ့ပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရပေ။