14 January 2018

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် အကျဉ်းထောင်ဆေးရုံတွင် သေဆုံး



*****************************************************
ဒီမိုကရေစီတူးဒေး ၁၄.၁.၂၀၁၈

အိမ်အကူအမျိုးသမီးငယ်(၂)ဦးကို ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာဟာ ဇန်န၀ါရီ (၁၃)ရက် ည(၁၁)နာရီခွဲက အင်းစိန်အကျဉ်းထောင်ဆေးရုံမှာ မူလရောဂါအခံနဲ့ ဆုံးပါးသွားတယ်လို့ အင်းစိန်အကျဉ်းထောင် ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက အတည်ပြုပြောဆိုပါတယ်။

ပြစ်ဒဏ်မကျခင်ကတည်းက ကျန်းမာရေးမကောင်းတဲ့အခံကြောင့် ပြစ်ဒဏ်ကျပြီးနောက် ဇန်န၀ါရီ(၁)ရက်က အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသခံခဲ့ပြီး ဆေးရုံကြီးမှာ အမျိုးသမီးတစ်ယောက်တည်း ဖြစ်နေတဲ့အတွက် ဆေးကုသမှုဆက်လက်မခံယူတော့ဘဲ သူ့သဘောနဲ့သူဆေးရုံက ပြန်လည်ဆင်းသွားတယ်လို့ သိရပါတယ်။

အင်းစိန်ပြည်သူ့ဆေးရုံကြီးက ဆင်းလာပြီးနောက် အင်းစိန်အကျဉ်းထောင်ဆေးရုံမှာပဲ ဆက်လက်ကုသမှုခံယူခဲ့ပြီး ဇန်န၀ါရီ(၁၃)ရက်မှာ ဆုံးပါးသွားခဲ့တာ ဖြစ်တယ်လို့ အင်းစိန်အကျဉ်းထောင်ညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောပါတယ်။သေဆုံးသူရဲ့ ရုပ်အလောင်းကို မိသားစုက ပြန်လည်သယ်ဆောင်သင်္ဂြိုဟ်မယ်ဆိုရင် အကျဉ်းထောင်လက်စွဲဥပဒေနဲ့အညီ ထောက်ခံချက်တွေနဲ့ လာရောက်ထုတ်ယူနိုင်ပြီး ပြန်လည်မယူဆောင်ရင် အကျဉ်းထောင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။


ပြစ်ဒဏ်ကျခံထားရတဲ့ ဒေါ်တင်သူဇာဟာ အခုလိုသေဆုံးသွားတဲ့အတွက် ပြစ်ဒဏ်ကနေ လွတ်မြောက်ပြီး အကျဉ်းဦးစီးနဲ့ မသက်ဆိုင်တော့ဘူးလို့ ဦးမင်းထွန်းစိုးက ပြောပါတယ်။အိမ်အကူအမျိုးသမီးငယ်နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်တင်သူဇာကို (၂၀၁၇) ဒီဇင်ဘာ(၁၅)ရက်က လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးဥပဒေအရ ထောင်ဒဏ် (၁၀)နှစ်၊ အပြင်းအထန်နာကျင်စေမှု ရာဇသတ်ကြီး ပုဒ်မ(၃၂၅)အရ အလုပ်နဲ့ထောင်ဒဏ်(၅)နှစ်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ(၆၆)(ဃ)အရ ထောင်ဒဏ် (၁)နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ(၃၄၁)အရ ထောင်ဒဏ်(၁)လ၊ စုစုပေါင်း ထောင်ဒဏ် (၁၆)နှစ် (၁)လကျခံဖို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပြီး သေဆုံးချိန်မှာ အသက်(၅၉)နှစ်ရှိပြီ ဖြစ်တယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau က ရဲမင်းထွန်း ပေးပို့တာဖြစ်ပါတယ်။