Tomorrow News JournalLike Page
January 12 လက်စောင်းထက်
အစိုးရသစ်သက်တမ်း နှစ်နှစ်နီးပါးရှိလာခဲ့သည့်တိုင် မြန်မာ့စီးပွားရေးလောကသည် အပေါင်းလက္ခဏာဆောင်သော အခြေအနေကို မရောက်ရှိသေးပေ။ ထိုသို့ စီးပွားရေးလေးလံ နှေးကွေးနေရခြင်းအပေါ်တွင် အကြောင်းပြချက် အမျိုးမျိုးရှိနေသည်။ ထိုအကြောင်းပြချက်များသည် လက်ရှိ မြန်မာနိုင်ငံ စီးပွားရေးပြုပြင်ပြောင်းလဲရေးကို ပဲ့ကိုင်နေသော တာဝန်ရှိသူများ၏ အားနည်းချို့ယွင်းချက်များ၊ အရည်အချင်း မပြည့်မီမှုများအပေါ် ဖုံးလွှမ်းသွားသည်။ အစွန်းဆုံးဆိုရလျှင် မြန်မာ့စီးပွားရေးဂျက်အင်ဂျင်သည် လေပေါ်သို့ပျံတက်ဖို့ နေနေသာသာ မြေပြင်မှာတင် ခိုင်မာတိကျသော ဦးတည်ချက်မရှိဘဲ ယိမ်းထိုးလှုပ်ရှား သွားလာလျက်ရှိသည်။
ပြည်သူပြည်သားများအတွက် အစိုးရကတော့ ပွဲတော်အမျိုးမျိုးကို ခြိမ့်ခြိမ့်သဲကျင်းပလျက်ရှိသည်။ နှစ်သစ်ကူးပွဲတော်၊ ငြိမ်းချမ်းရေး ဂီတပွဲတော်၊ ဘာသာပေါင်းစုံဆုတောင်းပွဲတော်၊ ကလေးစာပေပွဲတော်၊ ဒီမိုကရေစီအငြိမ့် ပွဲတော်၊ ပဲစားပွဲတော်စသည်ဖြင့် တစ်နှစ်ပတ်လုံး ပွဲတော်များအပြည့် ရှိသည်။ မြန်မာ့ စီးပွားရေးကတော့ မျက်ဖြူဆိုက်လျက်ရှိသည်။
အကောင်းဘက်က ပြန်လည် ကြည့်ပါက လက်ရှိအစိုးရသည် မြန်မာ့စီးပွားရေး တုံ့ဆိုင်းနှေးကွေးမှုကိုတော့ သတင်းအခိုင်အမာသိ ရှိပြီးဖြစ်သည်။ ယခုအစိုးရသက်တမ်းငါးနှစ်အတွင်း မြန်မာ့စီးပွားရေး မကောင်းလျှင် လာမည့် ရွေးကောက်ပွဲ၌ ရလဒ်ကောင် နိုင်မည် မဟုတ်ကြောင်းကိုလည်း အစိုးရနှင့် NLDပါတီ ခေါင်းဆောင် များအားလုံး နားလည် သဘောပေါက်ပြီး ဖြစ်သည်။
ပြဿနာမှာ စီးပွားရေး ဦးမော့လာစေရန်အတွက် အာဏာရှင်စနစ်ကို ဆယ်စုနှစ် သုံးစုနီးပါး အာခံတော်လှန်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များက မည်သို့မည်ပုံ ပြုလုပ်မည်ကို ရှင်းရှင်းလင်းလင်း မသိရခြင်းဖြစ်သည်။ ဘောလုံးအသင်းတစ်သင်း၏ စကား ဖြင့်ဆိုပါက ဘောလုံးအပေးအယူ လုပ်ပေးမည့် “ ကွင်းလယ်ဗိုလ်ချုပ် “ ပျောက်နေခြင်း ဖြစ်သည်။
မြန်မာ့စီးပွားရေး မြန်ဆန်သွက်လက်လာစေရန်အတွက် မည်သည့်အရာတွေက ပိတ်ဆို့ နေသလဲ၊ မည်သည့်စည်းမျဉ်းစည်းကမ်းတွေက တားဆီးနေသလဲ၊ မည်သည့်ပုဂ်္ဂိုလ်က မြန်မာ့စီးပွားရေး ဦးမော့လာစေရန် အမိန့်ပေးမည်လဲ။ စီးပွားကူးသန်းဝန်ကြီးဌာနလော၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနလော၊ နိုင်ငံတော်၏ အဆင့်မြင့်ဆုံးပုဂ်္ဂိုလ် ဖစ်သည့် သမ္မတကြီး ကိုယ်တိုင်လော၊ ဒုတိယသမ္မတကြီး ဦးမြင့်ဆွေလော၊ ဒါမှမဟုတ် မြန်မာနိုင်ငံ၏ အာဏာအရှိဆုံး နိုင်ငံတော် အတိုင်ပင်ခံပုဂ်္ဂိုလ်လော။ သဲသဲကွဲကွဲ မရှိလှ။
လက်ရှိအခြေအနေအရ မြန် မာ့စီးပွားရေး တိုးတက်လာစေရန် အစိုးရအနေဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းများ (SME) များကို ငွေထုတ်ချေးပြီး မြန်မာ့စီးပွားရေးကို ကုစားရန် ကြိုးစာ လာသည်။ သို့သော် စီးပွားရေးလုပ်ငန်းရှင် အများစုက နောက်ကျနေပြီဟု ယူဆထားကြသည်။ မြန်မာ့နိုင်ငံ၏ အလတ်စားစီးပွား ရေးလုပ်ငန်းများ အားပျော့မှုကြောင့် လွန်ခဲ့သော ငါးနှစ်တာကာလအ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတချို့ ပြည်တွင်းထဲသို့ ၀င်ရောက်လာသည်။ သိသာထင်ရှားသော ကုန်ပစ္စည်းအမယ် တစ်မျိုးမှာ မြန်မာအမျိုးသားများ မဖြစ်မနေ၀တ်ဆင်ရသည့် ပုဆိုးများကို ဈေးနှုန်းသက်သာစွာဖြင့် တရုတ်နိုင်ငံမှ တင်ပို့လာခြင်းဖြစ်သည်။
မကြာခင် မြန်မာအမျိုးသား၊ အမျိုးသမီးများစီးသော သားရေဖိနပ်များ၊ ကတ်္တီပါဖိနပ်များပါ ရောက်ရှိလာဖွယ်ရှိသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အစိုးရအဆက်ဆက်၏ SME လုပ်ငန်းများအပေါ် လျစ်လျူရှုမှုကြောင့် တရုတ်ခြုံစောင်များ၊ တရုတ်တဘက်စောင်များ၊ တရုတ်မုန့်မျိုးစုံ ၀င်ရောက်လာသည့်အတွက် မန္တလေးနှင့် မုံရွာရှိ အိမ်တွင်းမှုလုပ်ငန်းများအားလုံး ပြိုလဲသွားခဲ့တာ ကြာပါပြီ။ ယခု တရုတ်နိုင်ငံမှကြက်သွန်များ မြန်မာနိုင်ငံသို့ တင်ပို့လာသလို ထိုင်းနိုင်ငံမှလည်း ၀က်အကောင်လိုက် မြန် မာနိုင်ငံအတွင်းသို့တင်ပို့လျက်ရှိသည်။ မြန်မာ့စီးပွားရေး လောကမှာတော့ အသေးစား၊ အလတ်စား SME လုပ်ငန်းများကို မည်သို့မည်ပုံ ချေးမည်၊
မည်သူက ငွေကြေး မည်မျှချေးရမည်၊ မည်သည့်ဘဏ်က မည်မျှချေးရ မည် ဟူ၍ ငြင်းခုံကောင်းနေဆဲဖြစ်သည်။ ၀န်ကြီးဌာနများမှာ ဆွေးနွေးပွဲများ လှိုင်လှိုင်ကျင်းပနေပြီး Paper Results များ လှိုင်လှိုင်ထွက်ရှိလာသည်။ သို့သော် မြေ ပြင်ပကတိအခြေအနေတွင် Action Plans များ ရောက်မလာခဲ့ပေ။ ၂၀၁၈ ခုနှစ်တွင် အောက်ခြေလူတန်းစားများ ထမင်းနပ်မှန်ရေးအတွက် အလုပ်အကိုင် ရရှိရေးမှာ အရေးကြီးပြဿနာဖြစ်လာသည်။ ထိုင်းနှင့် မလေးရှား သို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူငယ်လူရွယ် မိန်းမသားများမှာ နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် ရုံးတွင် ညအိပ်စောင့်ဆိုင်းလျက်ရှိ နေသည်။
အစိုးရအနေ ဖြင့်စီးပွားရေးအတက်အကျ အညွှန်းကိန်းများကို သိသာထင်ရှားစွာတိုင်းတာလိုလျှင် သုံးလတစ်ကြိမ် မြန်မာနိုင်ငံတစ်ဝန်း၌ အလုပ်အကိုင်ဖန်တီးမှု (Job Creation) ကိန်းဂဏန်းအရေအတွက်ကို နိုင်ငံသားအားလုံး သိရှိစေရန်အတွက် ထုတ်ပြန်ပေးသင့်သည်။ ထို့ပြင် မြန်မာနိုင်ငံ မည်သည့်စီးပွားရေးကဏ္ဍ၌ အခြေခံလူတန်း စားများကို အလုပ်မည်မျှပေးနိုင်ကြောင်း ကိန်းဂဏန်း အတိအကျသိရှိမှသာ ကြိုးပမ်း ဆောင်ရွက်နိုင်လိမ့်မည်။
လက်ရှိ မြန်မာနိုင်ငံ၏စီးပွား ရေး ၉၀ ရာခိုင်နှုန်းမှာ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဖြစ်ကြောင်း သိရှိရ သည်။ ထို့ကြောင့်SME လုပ်ငန်းများ တိုးတက်လာစေရန်အတွက် ပြီးခဲ့သည့်နှစ်တွင် မြန်မာကျပ်ငွေ ၃၀၀ ဘီလီယံ ထုတ်ချေးပေးခဲ့သော်လည်း သိသာထင်ရှားသော ရလဒ် မထွက်ခဲ့ပေ။ ပညာရှင်များ SME လုပ်ငန်းများကို ယခုလိုမျိုး ငွေချေးပေးနေခြင်းမှာ တစ်ချိန်က လယ်သမား များအား အမတော်ချေးငွေ ပေးသကဲ့သို့ သာ ဖြစ်နေပြီး နည်းပညာတိုး တက်မှုမရှိ၊ လုပ်ငန်းယှဉ်ပြိုင်တိုး တက်မှုမရှိ၊ ဈေးကွက်မရှိ ဖြစ် နေခြင်းက အဓိကပြဿနာဖြစ် ကြောင်း ဝေဖန်ထောက်ပြသည်။
SME လုပ်ငန်းများကို ငွေထုတ်ချေးရာတွင် အသေးစားလုပ်ငန်း များ၌ အမြင့်ဆုံးချေးငွေ ကျပ် သိန်း ၅၀၀၀ ရှိပြီး အလတ်စား လုပ်ငန်းများတွင် အမြင့်ဆုံးချေး ငွေမှာ သိန်း ၁၀၀၀၀ အထိသတ် မှတ်ထားသည်။ ချေးငွေအတိုးနှုန်း မှာ ပျမ်းမျှ ၉ ရာခိုင်နှုန်း သတ် မှတ်ထားပြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးယူပါက အတိုး နှုန်း ၁၁ ရာခိုင်နှုန်း သတ်မှတ်ထားသည်။ ယင်းအတိုးပမာဏ မှာ လက်ရှိ ပုဂ္ဂလိကဘဏ်များ သတ်မှတ်ထားသော အတိုးနှုန်း ၁၃ ရာခိုင်နှုန်းထက် လျော့နည်း နေသည့်အတွက် အဆင်ပြေသော်လည်း ယင်းအသေးစား၊ အလတ်စားလုပ်ငန်းများကို ပုဂ္ဂလိကဘဏ် များက ငွေထုတ်ချေးရမည်ဆိုလျှင် အခက်အခဲများ ကြုံတွေ့လာနိုင်မည်။
ထို့ကြောင့် အစိုးရအနေဖြင့် ပြည်တွင်း အသေးစား၊ အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုး တိုးတက်လာစေရန်အတွက် အစိုးရဘဏ်များကသာလျှင် တာဝန်ယူပြီး ငွေထုတ်ချေးခြင်းကသာ လက်တွေ့ကျပြီး အဆင်ပြေနိုင်မည်ဖြစ်သည်။
မြန်မာ့စီးပွားရေးလောက ဦးမော့လာစေရေးအတွက် အခြား စိန်ခေါ်မှု ပြဿနာမှာ အခွန်အတုပ်ပြဿနာနှင့် ဘဏ်စည်း မျဉ်းစည်းကမ်းပြဿနာများ ဖြစ်သည်။ ဘဏ္ဍာအခွန်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတွင်း၌ အခွန်ရရှိ ရန်ကြိုးပမ်းဆောင်ရွက်ပြီး အခွန်လျာထားချက်ထက် ကျော်လွန်စေရန် ကောက်ယူနိုင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ်္ဂိုလ် အားပြသချင်သော်လည်း လက်ရှိအခွန်ကောက်ခံမှုနှုန်းထားအပေါ် စီးပွားရေး လုပ်ငန်းရှင်များကဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
ပြည်တွင်းအခွန်များဦးစီး ဌာနကမူ မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများမှာ နိုင်ငံတကာနှင့်ယှဉ်လျှင် မများကြောင်းထုတ်ပြန် ထားသော်လည်း နိုင်ငံတကာမှ လာရောက် ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများ၏ တာဝန်ရှိပုဂ်္ဂိုလ်များက မြန်မာနိုင်ငံတွင် ကောက်ခံသော အခွန်မှာ အထပ်ထပ်ဖြစ်နေပြီး စနစ်များမှာ ရှုပ်ထွေးနေကြောင်း ဝေဖန်ထောက်ပြသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်သော နိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၇/၂၀၁၇ တွင်လည်း ဘဏ်များက သုံးနှစ်ထက်မပိုသော ကာလသတ်မှတ်ချက် ချေးငွေကို ထုတ်ချေးနိုင်သော်လည်း အတိုးပေးဆပ်မှုသည် သုံးလထက်မပိုသော ကာလအလိုက် ပေးဆပ်မှုများ ဖြစ်ရမည်ဆိုသော အချက်သည် စီးပွားရေး လုပ်ငန်းရှင်များကို ယိမ်းယိုင်ချည့်နဲ့စေသည့်အပြင် စီးပွားရေး လုပ်ငန်းပမာဏကြီးသူများအတွက် နှစ်ရှည်ချေးငွေ မရှိသည့် ကိစ္စကိုလည်း တညီတညွတ်တည်း ထောက်ပြကြသည်။
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍသည် စီးပွားရေး တုံ့နှေးသွားမှုကြောင့် ရင်းနှီးမြှုပ်နှံသူများ၊ ၀ယ်ယူသူများ၊ ငှားရမ်းသူများ လျော့ကျသွားသည့်အခြေအနေတွင် ဘဏ်မျာ ၏ ချေးငွေအပေါ် မှီခိုနေရဆဲဖြစ်သည်။ ထိုအခြေအနေအကျပ် အတည်းကာလ၌ ချေးငွေများကို ပြန်လည်ပေးသွင်းရပါက ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားပြီး ယင်းလုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်နေသော အခြေခံလုပ်သားများနှင့် ၄င်းတို့ကို မှီခိုသောမိသားစုများ အလုပ်ဆုံးရှုံးရသလို အစိုးရသစ်လက်ထက် အတွင်း မြို့ပြခေတ်မီဖွံ့ဖြိုးမှု ဆိုသောရလဒ်ကို လက်လွှတ်ဆုံးရှုံး ရလိမ့်မည်ဖြစ်ကြောင်း စေတနာကောင်းဖြင့်အကြံပြုအပ်ပါသည်။