17 January 2018

မြန်မာ့နွေဦး ရှေ့ခရီး


BY THE VOICE JOURNAL JAN 15, 2018
အခုဆိုရင် ၂၀၁၇ ခုနှစ်ကုန်ဆုံးပြီး နှစ်သစ် ၂၀၁၈ ခုနှစ်သို့ စတင် ချဉ်းနင်းဝင်ရောက်ခဲ့ပါပြီ။ ဒီမှာပဲ မြန်မာတို့အတွက် လည်ပြန်သုံးသပ်ပြီး နောင်အချိန် ပြင်ဆင်ရမယ့် အရေးပါလှတဲ့အကြောင်းအရာတစ်ခု ရှိလာပါတယ်။အဲဒါကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းဖြစ်တဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ချီတက်တဲ့ခရီးလမ်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကူးအပြောင်းဖြစ်စဉ်အကြောင်း ပြောရရင် စစချင်းအဖွင့်မှာ သိပ်ကိုလှပခဲ့တယ်လို့ ဆိုရမှာပါ။ ဒါကြောင့်မို့ပဲ မြန်မာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပြောင်းလဲမှုအစ ကနဦးပိုင်းကတည်းက လေ့လာသူတွေမှ မြန်မာ့နွေဦးလို့ အမည်လှလှပေး ကြိုဆိုခဲ့ကြပါတယ်။

တကယ်လည်း၂၀၁၀ အလွန်ကာလနိုင်ငံမှာ ဘယ်သူမှ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ အံ့ဩစရာပေါ်လာခဲ့တယ်။ မီဒီယာဆိုင်ရာဖြေလျှော့မှုတွေ ခပ်မြန်မြန် ဖြစ်ထွန်းလာတယ်။နှစ်ရှည်ထောင်ဒဏ်တွေကျခံနေရတဲ့ ထင်ရှားကျော်ကြားနိုင်ငံရေးသမားတွေ အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ တစ်ဆက်တည်းမှာပဲ တစ်ချိန်က ပြည်ဝင်ခွင့် ပိတ်ပင်ခံထားရတဲ့ ပုဂ္ဂိုလ်အချို့လည်း ပြည်တော်ပြန်ခွင့်ရလာခဲ့တယ်။



မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုဟာ ဒီလိုဖြေလျှော့မှုတွေနဲ့တင် ရပ်တန့်မသွားဘဲ ဆက်လက်ပြီး အရှိန်အဟုန်ပြင်းပြင်း ဆက်လက်ဖြစ်ထွန်းခဲ့တယ်။
၂၀၁၂ ခုနှစ်မှာ အဓိကအတိုက်အခံဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်နဲ့အတူ လွှတ်တော်နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့တယ်။ ဒီအချက်ဟာ မြန်မာ့နွေဦးကို အရောင်စုံလင် ဖူးပွင့်စေခြင်းပဲဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးအပြီး မြန်မာ့နွေဦးဟာ နိုင်ငံတကာကို ထပ်မံအံ့ဩစရာတစ်ခု ဖန်တီးပေးလိုက်ပြန်တယ်။ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရတဲ့ NLD ပါတီကို နိုင်ငံ့သမိုင်းတစ်လျှောက် ရှားတောင့်ရှားပါးအဖြစ် အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးနိုင်ခဲ့တယ်။
ဒီလို အခြေအနေကောင်းများရှိတဲ့ မြန်မာ့နွေဦးဟာ လူထုအများစု ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်တွင်းကရော နိုင်ငံတကာကပါ ပိုပြီးမျှော်လင့်ချက်တွေ ထားလာခဲ့ကြတယ်။ ဒါပေမဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ သူတို့မျှော်လင့်သလို ဖြစ်မလာဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီး ကြန့်ကြာမှုတွေ ရှိလာခဲ့ရပါတယ်။ ဒီမှာပဲ အချို့သော နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဒီမိုကရေစီအပြောင်းအလဲဟာ ရှေ့မတိုး နောက်မဆုတ် အခြေအနေနဲ့ တွေ့ကြုံနေရပြီလို့ အကဲဖြတ်မှတ်ချက်ပြုလာကြတွေလည်း ရှိလာပါတယ်။

 ဒီမိုကရက်တိုင်ဇေးရှင်းပညာရှင်တစ်ဦးကတော့ အာဏာရှင်စနစ်လည်း မဟုတ်၊ လစ်ဘရယ်ဒီမိုကရေစီအထိလည်း မရောက်သေးတဲ့ကာလကို မီးခိုး ရောင်ဇုန်ဆိုပြီး သတ်မှတ်ဖော်ထုတ် ခေါ်ဆိုထားပါတယ်။ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းဟာ ဆိုခဲ့ပါပညာရှင် နိမိတ်ဖတ်ခဲ့သလို မီးခိုးရောင်ဇုန်ထဲမှာ ပိတ်မိနေပြီလို့ ဝေဖန်သံတွေ ထွက်လာပါတယ်။ ဒီမှာ စဉ်းစားကြဖို့ ရှိလာတာက တာထွက်ကောင်းခဲ့တဲ့ မြန်မာ့နွေဦးဟာ ဘယ်အကြောင်းကြောင့် ဒီလို ရပ်တန့်အီခံနေရပါသလဲ။


နွေဦးသန္ဓေတည်ရာ
ဒီမိုကရေစီ ကူးပြောင်းမှုတစ်ခုအောင်မြင်ဖို့ အရေးကြီးဆုံး အခြေခံအကြောင်းတရားတစ်ခု ရှိပါတယ်။ ဒါကတော့ ဒီမိုကရေစီအပြောင်းအလဲများ ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတဲ့ အပြောင်းအလဲသန္ဓေတည်ရာ အကျိုးတရားပါပဲ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီကူးပြောင်းမှု သန္ဓေတည်လာပုံနဲ့ ပတ်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးရှိပါတယ်။ နိုင်ငံတွေရဲ့ ဒီမိုကရေစီအပြောင်းအလဲကို စနစ်တကျ သုတေသနပြုလေ့လာထားတဲ့ ပညာရှင်များကတော့ အခုလို ဆိုကြပါတယ်။

ချီကာဂိုတက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန တွဲဖက်ပါမောက္ခဖြစ်တဲ့ ဒန်စလိတ်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ နည်းလမ်းနှစ်မျိုးဖြင့် ပေါ်တတ်သည်ဟု Myanmar Quarterly ဂျာနယ်မှာ လွန်ခဲ့တဲ့လအနည်းငယ်က ရေးသားဖော်ပြခဲ့ပါတယ်။

ပထမအခင်းအကျင်းမှာ အာဏာရှင်အုပ်ချုပ်သူများက သူတို့အတွက် ရွေးစရာနည်းလမ်း အနည်းငယ်သာရှိတဲ့အတွက် ဒီမိုကရေစီကူးပြောင်းမှုကို လက်ခံလိုက်ရခြင်းဖြစ်ပြီး ဒုတိယအခင်းအကျင်းကတော့ အုပ်ချုပ်သူအာဏာပိုင်များ ကိုယ်တိုင်က သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းချက်များနဲ့ အသွင်ကူးပြောင်းခြင်းတို့ပဲ ဖြစ်ပါတယ်။ မြန်မာ့အနေအထားဟာ ဒုတိယပုံစံနဲ့ အလားသဏ္ဌာန် ပိုတူတယ်လို့ သူကဆိုပါတယ်။

ဒီအတူ နိုင်ငံရေးသိပ္ပံပါမောက္ခ ရှမစ်ထာကလည်း သူရေးသား ပြုစုတဲ့စာတမ်းမှာ အခုလို ရေးသားဖော်ပြခဲ့ပါတယ်။ နောက်ပိုင်း ဒီမိုကရေစီ အပြောင်းအလဲတွေမှာ အစဉ်အလာတော်လှန်ရေးပုံစံနဲ့မဟုတ်ဘဲ မတူတဲ့ပုံစံနှစ်ခုနဲ့ တွေ့လာရတယ်လို့ ဆိုပါတယ်။အာဏာပိုင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ညှိနှိုင်းအဖြေရှာပြီး ထွက်ပေါ်လာတဲ့ အပြောင်းအလဲ၊ နောက်ပုံစံတစ်ခုက ရှိဆဲအာဏာရှင်တွေကဦးဆောင်ပြီး သတ်မှတ်ပြဋ္ဌာန်းပေးတဲ့ အပြောင်းအလဲတွေပဲ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ မြန်မာ့နွေဦးဟာ ပါမောက္ခရှမစ်ထာပြောတဲ့ သတ်မှတ်ပြဋ္ဌာန်းပြီး ပုံစံအပြောင်းအလဲအဖြစ် ရှုမြင်ခဲ့ကြပါတယ်။ တစ်နည်းဆိုရရင် တွဲဖက်ပါမောက္ခ ဒန်စလိတ်တာ သုံးသပ်တဲ့ အာဏာပိုင်တွေက ဦးဆောင်ပြီး သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းချက်များနဲ့ ကူးပြောင်းခြင်းလည်း ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။


မူလအစ အားနည်းချက်များ
တာထွက်ကောင်းခဲ့တဲ့ မြန်မာ့နွေဦးဟာ အခုအချိန် ရပ်တန့်အီလည်နေတဲ့အတွက် လက်ရှိအရပ်သားအစိုးရကို တစ်ဖက်သတ်အပြစ်တင်နေလို့မရတဲ့ အခြေအနေတွေလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲစတင်မြစ်ဖျားခံရာအခြေမှာပဲ ရှေ့ဆက်ဖို့ ခက်ခဲနိုင်တဲ့အနာအဆာတွေ အပြည့်အသိပ်ရှိနေလို့ပဲဖြစ်ပါတယ်။ ဒီအချက်ကို ပါမောက္ခရှမစ်ထာကပဲ ထောက်ပြသတိပေးထားပါတယ်။

အာဏာရှင်တွေက ဦးဆောင်ပြီး ပြောင်းလဲတဲ့ပုံစံတွေမှာ နာကျင်ပင်ပန်းမှုနည်းစွာ အပြောင်းအလဲကို စတင်နိုင်တဲ့ အားသာချက်တွေ ရှိနိုင်ပေမယ့် အားနည်းချက်တွေလည်း တစ်ပုံတစ်ပင် ရှိနေတတ်ပါတယ်။ ဒီထဲမှာ အဆိုးဆုံးအားနည်းချက်ကတော့ ဒီမိုကရေစီ ရှေ့သိုချီတက်ရေးမှာ အဖုအထစ်တွေနဲ့ ကြုံတွေ့လာဖွယ် ရှိနေတတ်တာပါ။ အဲဒီလို ကြန့်ကြာနေရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ယခင်အာဏာရှင်တွေဘက်က အထူးအခွင့်အရေးတွေကို တစ်စုံတစ်ရာအတိုင်းအတာအထိ စွန့်လွှတ်နိုင်ပေမယ့် ဒီမိုကရေစီနည်းကျ အဆုံးထိစွန့်လွှတ်ဖို့ ခက်ခဲနေလို့ပဲ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအပြောင်းအလဲ လက်ရှိကာလမှာ တန့်ခံနေရခြင်းဟာ ပါမောက္ခရှမစ်ထာ ကြိုတင်နိမိတ်ဖတ်ထားတဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ ဒီမိုကရေစီရဲ့ ရေခံမြေခံအချက်တွေ အားနည်းနေဆဲဖြစ်သလို အရေးပါဆုံး ဦးဆောင်နေရာမှာရှိတဲ့ နိုင်ငံရေးသမားတွေဟာလည်း ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမားဖြစ်ဖို့ ရုန်းကန်ကြိုးစားနေရပါတယ်။ ဒီအချက်တွေကြောင့်လည်း မြန်မာ့နွေဦးဟာ ဘက်ပေါင်းစုံမှ အခက်အခဲတွေ ကြုံတွေ့နေရပြီး အခုလိုဝေဖန်ခံရတဲ့ အခြေအနေကို ရောက်ရှိနေရတာ ဖြစ်ပါတယ်။


People Power အလုပ်ဖြစ်ပါ့မလား
ဒီလိုဆိုရင် အခုလို လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အကျပ်အတည်းကို ဘယ်လိုဖောက်ထွက်ကြမလဲ။
ဒီမှာပဲ ဒီမိုကရေစီအင်အားစုတွေကြားမှာ သဘောထားအမျိုးမျိုးပေါ်ပေါက်လာတာ တွေ့လာရပါတယ်။ အချို့သော နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကတော့ လူထုအင်အားနဲ့ အီလည်တန့်ခံနေတဲ့ ဒီမိုကရေစီခရီးကိုကျော်လွှားဖို့ အားသန်လာကြတယ်။

လက်ရှိအစိုးရဟာ လူထုထောက်ခံတဲ့အစိုးရမို့ လူထုအားကို အားကိုးအားထားပြုသင့်တယ်လို့ အကြံပြုကြတယ်။ ဒီနေရာမှာ အလေးအနက်တွေးဖို့ လိုပါတယ်။ လူထုအင်အားတစ်ခုတည်းနဲ့ လစ်ဘရယ်ဒီမိုကရေစီကို ရောက်ရှိနိုင်ပါ့မလား။ လစ်ဘရယ်ဒီမိုကရေစီကို ဘယ်အချက်တွေနဲ့ တိုင်းတာသလဲဆိုတဲ့အချက်တွေပဲ ဦးစွာလေ့လာကြရပါလိမ့်မယ်။
“ဒီမိုကရေစီဂုရုကြီး ရောဘတ်ဒါးလ်က စံကိုက်ဒီမိုကရေစီ ဟုတ်မဟုတ်ကို သတ်မှတ်ချက် (၇) ချက်နဲ့ အကဲဖြတ်ပါတယ်။ သူပြောတဲ့ အချက်တွေက

‘၁- ရွေးကောက်တင်မြှောက်ခံရသူတွေ ရှိမယ်။
၂- လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရမယ်။
၃ – လူတိုင်းပါဝင် မဲပေးခွင့်ရှိရမယ်။
၎- လူတိုင်းရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိတယ်။
၅- လွတ်လွတ်လပ်လပ် ဖော်ပြပြောဆိုနိုင်တယ်။
၆- သတင်းလွတ်လပ်ခွင့်ရှိတယ်။
၇- လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ အသင်းအပင်း အဖွဲ့အစည်းတွေ ရှိတယ်။’

လက်ရှိအခြေအနေမှာ စံတော်ဝင်ဒီမိုကရေစီဖြစ်ဖို့ လူထုအားတစ်ခုတည်းနဲ့ ဖောက်ထွက်နိုင်မလား စဉ်းစားကြည့်ဖို့ လိုလာပါတယ်။ ဒီနေရာမှာ ဆုံချက်သဖွယ် အဓိကကျတဲ့ အကြောင်းတရား ရှိလာပါတယ်။ ဒါကတော့ ဈေးကွက်စီးပွားရေးပဲဖြစ်ပါတယ်။ လူထုပါဝါကို ဆေးသဖွယ်သုံးချင်သူတွေဟာ ဈေးကွက်နဲ့ လူထုအကြားက ဆက်နွှယ်မှုကို နက်နက်ရှိုင်းရှိုင်းနားလည်ဖို့ လိုပါတယ်။

ဈေးကွက်စီးပွားရေးဟာ လူထုတစ်ရပ်လုံးကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်စေတဲ့ အာနိသင်ရှိပါတယ်။
၁၉၈၈မတိုင်မီအခြေအနေနဲ့ ဒီနေ့အခြေအနေဟာ ထပ်တူပြုပုံတူကူးယူမရပါဘူး။
၁၉၈၈ မတိုင်မီ မြန်မာ့နိုင်ငံမှာ ဈေးကွက်နဲ့ ခါးဆက်ပြတ်နေခဲ့တော့ လူထုတစ်ရပ်လုံးလို့ သုံးစွဲတာဟာ ဆီလျော်မှုရှိပါတယ်။
ဒါပေမဲ့ ဒီနေ့အချိန်မှာ ဈေးကွက်စီးပွားရေး ပီပီပြင်ပြင် ဖြစ်ပေါ်မလာသေးပေမယ့် ဈေးကွက်ရဲ့ အရိပ်အရောင်တွေလည်း ရှိနေပါတယ်။


ဒီအတွက် လူထုတစ်ရပ်လုံး မရှိတော့ပါဘူး။
ဝင်ငွေပေါ်မူတည်ပြီး အကျိုးစီးပွားတွေ ကွဲပြားပြီး အစိတ်စိတ် ကွဲစပြုနေပါပြီ။ ဒီလိုဈေးကွက်ရဲ့ စေညွှန်ရာကြောင့် တက်ကြွလှုပ်ရှားသူတို့ ဆိုနေသလို လူထုတစ်ရပ်လုံး တစ်ခဲနက်ပါလာဖို့အရေးဟာ ခက်ခဲလွန်းလှ ပါတယ်။ ဒါ့အပြင် လူထုပါဝါအောင်မြင်ဖို့အရေးမှာ အခြားသော အခြေခံအကြောင်းတွေလည်း ပေါင်းစပ်ဖြည့်တင်းနေဖို့ လိုပါတယ်။ အဆိုပါ လူထုလှုပ်ရှားမှုအောင်မြင်ရေး ဆက်စပ်အကြောင်းတရားတွေကတော့
၁- အရပ်ဘက်အဖွဲ့အစည်း အားကောင်းခြင်း
၂- ကိုယ့်သဘောကိုယ်ဆောင်နိုင်တဲ့နိုင်ငံရေး လောကရှိခြင်း
၃- တရားဥပဒေစိုးမိုးမှုရှိခြင်း
၎- ဒီမိုကရေစီအတွက် အရန်သင့်အသုံးပြုနိုင်တဲ့ ပြည်သူ့ဝန်ထမ်းစနစ်ရှိခြင်း
၅-စီးပွားရေးအဖွဲ့အစည်းတွေ အားကောင်းမှုရှိခြင်းတို့ ဖြစ်ပါတယ်။
လက်ငင်းကာလ နိုင်ငံမှာတော့ အထက်ပါ ဆက်စပ်အကြောင်း တရားတွေ အားကောင်းမှု မရှိသေးတာကို တွေ့ရပါတယ်။
ဒီအချက်တွေအပြင် အရပ်သားအစိုးရကိုယ်တိုင်ကလည်း အမြော်အမြင်ကြီးမားစွာနဲ့ လူထုလှုပ်ရှားမှုတွေကို ဓာတ်ကူသဘောလောက်ပဲ အသုံးပြုနေတာ တွေ့ရပါတယ်။ ဒါကြောင့် လက်ငင်းအချိန်မှာ ဏနသစူန ဏသတနမ ဟာ ဖောက်ထွက်ရေး လက်နက်မဖြစ်သေးဘူးလို့ ယူဆရပါတယ်။


မီးခိုးရောင်ဇုန်ကို ဘယ်လိုဖောက်ထွက်ကြမလဲ
ဒီနေရာမှာ မေးဖို့ရှိလာတာက အခုလိုအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ဘယ်လိုအရာတွေနဲ့ ဖောက်ထွက်ကျော်လွှားကြမလဲဆိုတာပဲ ဖြစ်ပါတယ်။

အစောက ဆိုခဲ့သလို လူထုပါဝါကလည်း ဖောက်ထွက်ရေးမှာ အဓိကလက်နက် ဖြစ်မလာနိုင်သေးဘူး။ ဒါဆိုရင် ဘယ်လိုရှေ့ဆက်ကြမလဲ။ မြန်မာ့နွေဦးဟာ ထွက်ပေါက်မရှိတဲ့ အကျဉ်းအကျပ်ထဲကို ရောက်ရှိနေပြီလား။ ဒီအနေအထားကို ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲ။

ဒီမိုကရက်တိုက်ဇေးရှင် ကျွမ်းကျင်သူ သောမတ်ကရိုးသားကတော့ ဒီလိုအခြေအနေတွေ ကြုံလာရင် ဖောက်ထွက်စရာတွေရှိတယ်လို့ လမ်းညွှန် ချက် သုံးခုပေးပါတယ်။ သူ့ရဲ့စကားကြီးသုံးခွန်းက မြန်မာ့နွေဦးလှပရေးအတွက် အိတ်ဆောင်ဂါထာတွေ ဖြစ်လာနိုင်ပါတယ်။

ပထမဂါထာက အတိုက်အခံတွေ စည်းလုံးညီညွတ်ရေးဖြစ်ပြီး ဒုတိယဂါထာက အရင်အခွင့်ထူးရအာဏာရပုဂ္ဂိုလ်တွေ နိုင်ငံရေးဘ၀ သေဆုံးသွားလောက်အောင် ပိတ်ပင်ခြင်းမလုပ်ကြဖို့၊ နောက်ဆုံးဂါထာကတော့ စစ်တပ်ကို နိုင်ငံရေးတစ်ချီတည်း ထွက်သွားအောင် ကြိုးစားတာထက် တစ်ဆင့်ချင်းဆုတ်ခွာဖို့ ကြိုးစားပြီး စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ကြပါလို့ အကြံပြုထားပါတယ်။

ဒါပေမဲ့လည်း လက်ရှိမှာတော့ တစ်ချိန်တစ်ခါက အားကောင်းလှတဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေကြားမှာ အက်သံတွေကြားနေရသလို စီးပွားရေးဘ၀ဟာလည်း တိုးမြင့်အဆင်ပြေလာခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့ သောမတ်ကရိုးသားရဲ့ ဂါထာတွေကို ရွတ်ဆိုကျင့်သုံးနိုင်ခြင်း မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ဒီလိုအချက်တွေကြည့်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတွေက လာခြင်းကောင်းခဲ့တဲ့ မြန်မာ့နွေဦးဟာ နယူးယောက်တိုင်းမ်နဲ့ နယူးဝိခ်မဂ္ဂဇင်းရဲ့ အယ်ဒီတာနဲ့ ပင်တိုင်ဆောင်းပါးရှင် ‘ဖာရိဇာခါရီရာ’ ရေးခဲ့သလို ဒီမိုကရေစီတော့ ဒီမိုကရေစီ၊ သို့သော် လစ်ဘရယ်ဒီမိုကရေစီ မဟုတ်၊ လစ်ဘရယ်မဆန်သော ဒီမိုကရေစီ (အီလစ်ဘရယ် ဒီမိုကရေစီ) သို့ ဆိုက်ရောက်နေတဲ့လက္ခဏာရှိနေပြီလို့ သတ်မှတ်လာကြတယ်။


မျှော်လင့်ချက်
ဒီအတိုင်းဆိုရရင် မြန်မာ့နွေဦးမှာ လာရင်းပန်းတိုင်မရောက်ဘဲ အီလစ်ဘရယ်အနေနဲ့ စခန်းသိမ်းရလေမည်လား။ စိတ်ညစ်နွမ်းစရာအခြေအနေများ ကြုံတွေ့နေရသည့်တိုင် ကူကယ်ရာမဲ့အခြေအနေမျိုးတော့ မဟုတ်သေးပါ။ မျှော်လင့်စရာ များစွာ ရှိပါသေးတယ်။

ပညာရှင်အချို့က အီလစ်ဘရယ်ဒီမိုကရေစီ ရှေ့အလားအလာကို အကောင်းမြင်ထားကြပါတယ်။ အီလစ်ဘရယ်အခြေအနေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ ဒီမိုကရေစီကူးပြောင်းရေးမှာ ရှောင်လွှဲမရတဲ့ ကြားစခန်းသဘောဖြစ်တယ်။ အခြေအနေရင့်မှည့်လာပါက လစ်ဘရယ်ဒီမိုကရေစီသို့ ဦးတည်သွားနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီအတွက် အချုပ်ဆိုရရင် မြန်မာ့နွေဦးဟာ အလှမ်းဝေးဆဲ ခရီးတစ်ခုဖြစ်နေပေမယ့် လမ်းပျောက်တဲ့ အဆင့်ထိတော့ မရောက်ရှိသေးဘူးလို့ ဆိုချင်ပါတယ်။


နိုင်စိုး
စာကိုး- Debates on democratization ၊
july 2010-The Waves မဂ္ဂဇင်း၊