2018-01-07 RFA
ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ ဒေါက်တာအေးမောင်ကို ပါတီကနေ နုတ်ထွက်ခွင့်မပြုသေးဘဲ ဥက္ကဌနေရာနဲ့ တာဝန်ကို ရပ်ဆိုင်းထားဖို့ ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။
ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့တွေနဲ့ ရှေ့ဆက်ဆောင်ရွက် သွားမယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ ဗဟိုကော်မတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းအဝေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ကနေ ဒီနေ့အထိ စစ်တွေမြို့ ပါတီဗဟိုဌာနချုပ်မှာ ၄ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်နေ့က ပါတီကနေ နုတ်ထွက်ခွင့်တင်ပြထားတာဖြစ်ပါတယ်။
ဒေါက်တာအေးမောင်ကတော့ ပါတီဘက်က ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ် သူ့ရဲ့နုတ်ထွက်စာကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း RFA ကို မနေ့က ပြောထားပါတယ်။
ဒါ့အပြင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေအပါအဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ ပါတီကနေ နုတ်ထွက်ခွင့်တင်ထားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့လည်း ပါတီစည်းမျဉ်းတွေအရ ကာယကံရှင်တွေနဲ့ တိုက်ရိုက်ရှင်းလင်းစရာရှိနေသေးတဲ့အတွက် နုတ်ထွက်ခွင့်မပြုသေးဘူးလို့လည်း ပြောပါတယ်။
၎ ရက်ကြာကျင်းပပြုလုပ်ခဲ့တဲ့ ပါတီရဲ့ အစည်းအဝေးမှာ ရခိုင်ပြည်နယ်နိုင်ငံရေး အခြေအနေနဲ့ ရခိုင်အမျိုး သားနိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေ၊ ပါတီကျစ်လစ်ခိုင်မာရေးနဲ့ ပါတီတည်ဆောက်ရေး၊ မွတ်စလင်တွေကို ပြန်လည်နေရာချထားရေးနဲ့ပတ်သက်တဲ့သဘောထား၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ရာစုပင်လုံ) တက်ရောက်တာနဲ့ပတ်သက်ပြီး အကြံပြုချက် အစရှိတဲ့ အချက်(၄) ချက်ကို အဓိထားဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။