2018-01-08 RFA
ဘင်္ဂလားဒေ့ရှ်မှာရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို စိတ်ချလုံခြုံမှုရှိမှ မြန်မာနိုင်ငံပြန်လည်ပို့ဆောင်ရေး အတွက် အမေရိကန်အစိုးရက ပါဝင်ကူညီဆောင်ရွက်ပေးပါလို့ ရိုဟင်ဂျာမွတ်စလင် ခေါင်းဆောင်တချို့က တနင်္လာနေ့ မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အခမ်းအနားမှာ အမေရိကန် ပြည်ထောင်စုရောက် ရိုဟင်ဂျာအဖွဲ့ ၁၉ ဖွဲ့ကိုပေါင်းထားတဲ့ Burma Task Force USA အဖွဲ့ ဥက္ကဌ Abdul Malik Mujahid အဗ္ဗဒူလ် မာလစ် မူဂျာဟစ် က ရိုဟင်ဂျာတွေ ကို မြန်မာတပ်ဖွဲ့တွေက လူမျိုးတုန်းသတ်ဖြတ်ခဲ့တာ ဖြစ်တဲ့အတွက် အာမခံချက် အပြည့်အဝမရှိဘဲ လူသတ်ဇုန် အတွင်း ပြန်ပို့လို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
လော့အိန်ဂျယ်လစ်မြို့ အခြေစိုက် မြန်မာ-အမေရိကန် မွတ်စလင်အဖွဲ့ချုပ် အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးစောလှိုင် ကလည်း သူ့ရဲ့ညီမအရင်းဖြစ်သူကိုယ်တိုင် မောင်တောမြို့နယ်က ထွက်ပြေးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း တစ်ခုမှာ အခုခိုလှုံနေရကြောင်းနဲ့ လူမဆန်ရက်စက်မှုတွေကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦး ဖြစ်ကြောင်း RFA ကို ပြောပါတယ်။
"သူကိုယ်တိုင်မြင်ခဲ့လို့ပြောတာ သူတို့ရွာမှာ။ ဗမာတပ်မတော်လည်းပါတယ်။ ရခိုင်အစွန်းရောက်တွေ လည်း ရောပြီးတော့ပါတယ်။ ရွာတွေဘာတွေမီးရှို့တဲ့အထဲမှာ။ သတ်ပစ်လိုက်တာတို့။ နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့လို့ ကျနော်သိရတာ။ သူတို့ရွာကို ကျနော်တို့ ရိုဟင်ဂျာနာမည်လို ဗဆလလို့ခေါ်တယ်"
ဒါ့အပြင်သူက လက်ရှိ ရခိုင်ပြည်နယ်ပြဿနာကို တပ်မတော်ခေါင်းဆောင်တွေ၊ ခေါင်းဆောင်ဟောင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရအနေနဲ့ ဖြေရှင်းလို့ရနိုင်မှာ မဟုတ်ဘူး လို့ ပြောပါတယ်။
ရိုဟင်ဂါ-အမေရိကန်အဖွဲ့ချုပ်ရဲ့ ညွန်ကြားရေးမှူး ဦးကျော်စိုးအောင် ကတော့ ရိုဟင်ဂျာတွေဟာ တိုင်းရင်းသားဖြစ်ကြောင်းနဲ့ သူတို့ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မနေ့က အခမ်းအနားမှာ ရိုဟင်ဂျာခေါင်းဆောင်တွေက မြန်မာအစိုးရကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ကန့်သတ်ပိတ်ဆို့ရုံနဲ့ မလုံလောက်ဘဲ စီးပွားရေးနဲ့ လူမှုရေးအရ ပိတ်ဆို့ချက်တွေကိုပါ အပြည့်အဝ ချမှတ်ပြဌာန်းဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
ဒီအတောအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်ရေးရာမင်းကြီး မိုဟာမက် ကလမ်က ရိုဟင်ဂျာတွေ မြန်မာနိုင် ငံ ပြန်ပို့ရေးလုပ်ငန်းစဉ်ကို လက်တွေ့လုပ်ဆောင်ရာမှာ အခက်အခဲများစွာ ရှိတဲ့အတွက် မူလက သတ်မှတ်ထားခဲ့ သလို ဇန်နဝါရီ ၂၂ ရက်နေ့ ပြန်ပို့ရန် မဖြစ်နိုင်သလောက်ပါပဲလို့ မနေ့က ပြောကြားပါတယ်။