07 JAN 2018 မြန်မာတိုင်းမ်နေ့စဉ်
နိုင်ငံတော် အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်နေ သော်လည်း ပြည်တွင်းစစ် ဖန်တီးသူများ နှင့် အခွင့်ထူးခံ များကြောင့် ငြိမ်းချမ်းရေး လမ်းစဉ်များ အလှမ်းဝေး နေဦးမည် ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ဦးဆောင် အဖွဲ့ဝင် ဦးမင်းကိုနိုင်က သုံးသပ် ပြောဆို ခဲ့သည်။ ဇန်နဝါရီ ၅ ရက် ညနေ ၃ နာရီက ပဲခူး မြို့ မှော်ကန် ၂ လမ်း၌ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပဲခူးမြို့ရုံးခန်းဖွင့်ပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
■ မောင်ပိုင်စီးထား
''တစ်ခုပဲရှိတယ်။ ကျွန်တော်တို့က လူတွေ ရဲ့စိတ်ထဲမှာ ဘာဖြစ်သွားရမှာလဲ ဆိုတော့ ဒီတိုင်းပြည်ကို နိမ့်ကျအောင် လုပ်တဲ့ အထဲမှာ နံပါတ်တစ်က ပြည်တွင်းစစ်ပဲ။ ကျွန်တော် နိုင်ငံတကာက မိတ်ဆွေတွေဆီ ရောက်တယ်။ နိုင်ငံတကာ ရောက်တိုင်းမှာ သတိထား ကြည့်မိတယ်။ တိုင်းပြည် တစ်ပြည် ကြီးပွားနေတယ်၊ အောင်မြင် နေတယ်၊ ချမ်းသာ နေတယ်၊ ဦးဆောင်နေတယ် ဆိုရင် အဲဒီနိုင်ငံတွေမှာ ပြည်တွင်းစစ် မရှိဘူး။ နောက် တစ်ချက် ကတော့ တက်လာသမျှ အစိုးရနဲ့ အာဏာရသူ အဖွဲ့အစည်းဟာ ကိုယ်ကျိုး မရှာမှရမယ်။ ကျွန်တော်တို့ နိုင်ငံမှာ သယံဇာတတွေ ပေါများပေမယ့် အခွင့်ထူးခံ လူတန်းစားတွေ မောင်ပိုင် စီးထားတယ်။ ပြောချင်တာ ဘာလဲ ဆိုတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် စစ်ကို ဖန်တီးနေတဲ့ လူတွေဟာ တရားခံ ဖြစ်တယ် ဆိုတာကို သူတို့ အပြစ်ရှိတယ်လို့ ခံစားသွားရတဲ့ အထိ ကျွန်တော်တို့ ပြောကို ပြောရမယ်။ ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့ လူတွေဟာ ဒီတိုင်းပြည် မတိုးတက်ရခြင်း၊ နိမ့်ကျခြင်းရဲ့ တရားခံ ဖြစ်တယ် ဆိုတာကိုတော့ သိထားဖို့ လိုတယ်'' ဟု ၎င်းက ပြောဆိုသည်။
■အသံနှင့်အော်နေ၍မရ
''နောက်တစ်ခု ကျတော့ အခုအထိ စစ်တိုက်ရင် အကျိုးရှိတဲ့ လူတွေက ရှိကြတော့ စစ်ပွဲ မရှိရင် သိပ်ပြီးတော့ မဟန်တဲ့ ဟာမျိုးကျတော့ စစ်ပွဲကို ကြံဖန်ပြီး လုပ်ကြတယ်။ မလုပ်လို့ ရတာပေါ့ဗျာ။ ကျွန်တော် တကယ့် ပကတိတရားကို ပြောတာပါ။ ကျွန်တော့်ကို ဂျာနယ် တစ်စောင်က ၂ဝ၁၈ မှာ ငြိမ်းချမ်းရေး အခြေအနေ ဘယ်လိုရှိလဲ ဆိုတာ မေးတော့ ကျွန်တော် ပြောချင်တာက တကယ် လိုလားတဲ့ တကယ် လိုချင်စိတ်နဲ့ လုပ်ရင်ရတယ်။ ရှိတဲ့ ဘက်တွေ အကုန်လုံးက တကယ် ငြိမ်းချမ်းချင်တယ် ဆိုရင် တကယ် အပစ်ရပ်ပြီးတော့ နောက်ဆုံးဗျာ အားလုံး သဘောတူတဲ့ အပြီးသတ် အောင်မြင်မှု မရတာတောင်မှ စစ်ပွဲတွေ ရပ်သွားမှာပဲ။ ဒါပေမဲ့ တကယ် လိုချင်တဲ့စိတ် မရှိဘဲနဲ့ အသံနဲ့ အလံနဲ့ အော်နေရုံနဲ့တော့ ၂ဝ၁၈ လည်း မရဘူး၊ ၂ဝ၈၁ တောင် မရဘူး။ ဒါက တရားသဘောကို ကျွန်တော် ပြောတာပါ'' ဟု ဦးမင်းကိုနိုင်က ဆက်လက် ပြောဆိုသည်။
■ သုံးသပ်ပြောဆို
ယင်းအပြင် ယခုနှစ် အတွင်း အပစ်အခတ် ရပ်စဲရန် လက်မှတ်ေ ရးထိုးမည့် အဖွဲ့များ ရှိကြောင်းနှင့် နောက်ခံ အဖွဲ့အစည်း များကြောင့် ဖြစ်နိုင်ခြေ နည်းနိုင်ကြောင်း ကိုလည်း သုံးသပ် ပြောဆိုထားသည်။
The Myanmar Times