04 December 2017

“ဘန်ကောက် မြန်မာသံရုံးပတ်စပို့ထုတ်ပေသည့်စခန်းတွင် ချိန်ကိုက်မိုင်းဗုံးတွေ့”

       
၂၀၁၇ ဒီဇင်ဘာလ ၄ ရက်
မင်းဘခက်

          ဘန်ကောက်မြို့ သာမန်နိုင်ငံကူးထုတ်ပေးရေးစခန်းအတွင်း ချိန်ကိုက်မိုင်းဗုံးတွေရှိရသဖြင့် ထိပ်လန့် မှုများဖြစ်ခဲ့ကြကြောင်းသိရှိရသည်။


       ယနေ့နံနက် ၁၀နာရီကျော်ခန့်က သံရုံးပတ်စပို့ထုတ်ပေးရေးစခန်းအတွင်း ဓါတ်ပုံရိုက်ကူးပေးသည့် အ၀တ်လဲခန်းအတွင်း ကုတ်အင်းကျီအပေါ်တွင် ချိပ်နှင့်ချိပ်၍ အထုတ်တစ်ခုထဲတွင်တွေ့ရှိရခြင်းဖြစ်သည်။

        ဓါတ်ပုံရိုက်ကူးရန်လာသည့် အလုပ်သမားတစ်ဦးက တွေ့ရှိသဖြင့်  ရုံးဝန်ထမ်း ကိုချစ်ထွေး ဆိုသူ ကိုအကူညီ တောင်းခံခဲ့သည်။ ၎င်းက စခန်းအတွင်းရှိနေသူ ကိုဝင်းနိုင် ဆိုသူက မိုင်းဗုံးဖြစ်သဖြင့် အလျှင် အမြန်ယူဆောင်ခါစခန်းအပြင်သို့ ထုတ်ထားလိုက်သည်။ ထို့နောက် တာဝန် ရှိ ရဲများကို အကူညီတောင်း ခံခဲ့ခြင်းဖြစ်သည်။

သံရုံးဟောင်းရှေ့ရှိမျက်ခင်းစပ်တွင်လည်း သံသယဖြစ်ဖွယ်ရာ အထုတ်တစ်ခုတွေ့ ခဲ့ရသည်။သို့ရာတွင် ဗုံးမဟုတ်ချေ။ ရုပ်ရုပ်သဲသဲ ဖြစ်နေချိန်တွင် သာမန်နိုင်ငံကူးလက်မှတ် (ပတ်စပို့) လုပ်ရန်စခန်း အတွင်း ရောက်ရှိနေကြသည့် မြန်မာ အလုပ်သမား ၃၀၀ ခန့်အား အပြင်သို့ထွက် ခွင့်မပေးခဲ့ပေ။

       နယ်မြေခံရဲများက ၁နာရီခန့်ကြာ မြေပြင်လေ့လာဆန်းစစ်မှုများပြုလုပ်ပြီးနောက် ချိန်ကိုက် မိုင်းပုံကို အပြင်သို့ ထုတ်ယူပေးခဲ့သည့် ကိုဝင်းနိုင် ဆိုသူအား စစ်ဆေးရန်အတွက် ခေါ်ယူသွားခဲ့သည်။ နေ့လ ည် ၁၂နာရီခွဲခန့်တွင် ပတ်စပို့ထုတ်ပေးသည့်စခန်းကိုပြန်လည်ဖွင့်လှစ်ခဲ့သည်။

        သံရုံးနှင့် နီးစပ်သူတစ်ဦးက “CCTV ကယ်မရာမှာ ကြည့်ရင် ဘယ်သူ့လက်ချက်လဲဆိုတာ သိနိုင်ပါ တယ်။ သံရုံးထဲမှာ ပတ်စပို့ထုတ်ပေးနေပြီး CCTV ပျက်နေပါတယ်ဆိုရင်တော့ အရှက်က ကွဲအုံးမယ်။ အခု ဖြစ်ရပ်ကို သာမန်လောက်မတွေ့ပဲ အသေးစိတ် လေ့လာဖေါ်ထုတ်ဖို့လိုအပ်ပါမယ်။ သံရုံးဝင်းထဲမှာ ပတ်စပို့ ထုတ်ပေးနေတဲ့ လုပ်ငန်းကိုလည်း အခြားသို့ပြောင်းရွှေ့ပေးသင့်တယ်။ ပွဲစားတွေနဲ့ဆက်စပ်လုပ်ကိုင် ရတဲ့ အလုပ်ဖြစ်တာကြောင့်နိုင်ငံပုံရိပ်၊ သံရုံးဝင်းထဲမှာ မသင့်တော်လို့ပါ၊ ဒီထက် အရှက်မကွဲအောင်လို့ပါ” ဟု ပြောဆိုသွားပါသည်။

         ယခုသတင်းနောက်ဆုံးရေးသားချိန် ထိုင်းစံတော်ချိန် ညနေ ၇နာရီ ၃၀ မိနစ်အချိန်တွင် ကိုဝင်းနိုင် သည် နယ်မြေရဲစခန်းတွင်ရှိနေဆဲဖြစ်ပါသည်။ ၎င်းသည် ပတ်စပို့လုပ်ရန်လာစဉ် စခန်းအတွင်း လိုအပ် သည် များကို ကူညီဆောင်ရွက်ပေသူဖြစ်သည်။ 

၎င်း က “အဖွဲ့ပေါင်းစုံက တစ်နေကုန်လာရောက်စစ်ဆေး ပါတယ်။ သူတို့က ကျနော့်ကိုဘာဖြစ်လို့ ဒီအထုတ်ကိုယူပြီး အပြင်ကို ယူသွားသလဲလို့မေးတယ်။ ကျနော်က အခြားလူတွေ ဒုက္ခမရောက်အောင် ဆိုတဲ့အများအတွက် အနစ်နာခံလိုတဲ့ အခြေခံစိတ်ဓါတ်နဲ့ပါ။ ချိန်ကိုက် ဗုံးနဲ့အတူ ကောင်တာ(၄)မှာထိုင်တဲ့ ရဲမှူးကို ခြိမ်းခြောက်စာတစ်စောင်တွေ့ရပါတယ်။ ကျနော့်အခြေအနေ တော့ ဘာဖြစ်မလဲမသိရသေးဘူး” ဟု စိုးရိမ်စွာဖြင့်ပြောဆိုသွားသည်။