04 December 2017

လက်နက်ခဲယမ်းများနှင့် ပတ်သက်သည့် အဓိကတရားခံ ၂ ဦး ဖမ်းဆီးရမိ


Information Committee


ဒီဇင်ဘာ ၄၊ ၂၀၁၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၃၀ ရက်၊ ည ၁၀ နာရီခွဲတွင် သတင်းအရ မောင်တောမြို့မ အနောက်ရပ်ကွက်နေ ဇော်မီအာမက်၏ နေအိမ်အား ရှာဖွေခဲ့ရာ အိမ်၏အနောက်ဘက် အိမ်သာ ပိုက်အောက် မြေကြီးအတွင်း မြှုပ်ထားသည့် Parabellun– PANTENTED စာတမ်းပါ ၉ မမ ပစ္စတို (၁) လက်၊ကျည်အိမ် (၁)ခု၊ ကျည် (၂၃)တောင့်နှင့်အတူ ဇော်မီအာမက် ၅၃ နှစ် နှင့် သားဖြစ်သူ စိုးနိုင်ကျော် ၂၄ နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိမှု သတင်းအား ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖြစ်စဉ်မှာ ဖမ်းဆီးရမိသည့် တရားခံ ၂ ဦးအား မောင်တောမြို့မရဲစခန်းတွင် စစ်ဆေး ဆောင်ရွက် လျက်ရှိရာ ထူးခြားမှု မရှိသဖြင့် အဆိုပါဖြစ်စဉ်တွင် သတင်းပေးဖြစ်သူ နိုဂျူမူဒိန် (ခ) နေဂျော် ၂၂ နှစ် ဖေဇီရွာ၊ မောင်တောမြို့မ အနောက်ရပ်ကွက်နေသူအား မသင်္ကာသောကြောင့် မောင်တောမြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ခေါ်ယူစစ်ဆေးရာတွင် နိုဂျူမူဒိန် သည် တစ်ရပ်ကွက်တည်းနေ အဘူကော်ဆီဒီး (ခ) ရာဇာမြင့်မြတ် ၃၁ နှစ်၏ စေခိုင်းချက်အရ လက်နက်/ခဲယမ်းများကို ဇော်မီအာမက် ၏ နေအိမ် အိမ်သာပိုက်အောက်တွင် ၎င်းကိုယ်တိုင် သွားရောက်မြှုပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် အဘူကော်ဆီးဒီးအား သွားရောက်ဖမ်းဆီးခဲ့ရာ ဒီဇင်ဘာ ၃ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးရမိခဲ့ပြီး မောင်တောမြို့မရဲစခန်းတွင် အကြမ်းဖက် တိုက်ခိုက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။