04 December 2017

မြန်မာနိုင်ငံတွင် FDA ၏ ထောက်ခံချက်မရှိဘဲ ရေသန့်လုပ်ငန်းပေါင်း ၅ဝ၀ခန့် ထုတ်လုပ်နေ



ဒီမိုကရေစီ တူဒေး နေပြည်တော် ဒီဇင်ဘာ ၃

မြန်မာနိုင်ငံတွင် ရေသန့်လုပ်ငန်းပေါင်း ၁၃ဝဝ ခန့်ရှိသည့်အနက် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA ၏ ခွင့်ပြုချက်ဖြင့် ရေသန့် ထုတ်လုပ်ရောင်းချ သည့်လုပ်ငန်းရှင် ၇၉ဝ ဦးသာရှိကာ ကျန် ရေသန့်ထုတ်လုပ်သည့်လုပ်ငန်း ၅ဝဝ ခန့်မှာ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဦးစီး ဌာန FDA မှ ထောက်ခံချက် မရှိဘဲ ထုတ်လုပ် ရောင်းချလျက်ရှိကြောင်း သိရသည်။















''မနေ့ကမှ ရေသန့်ထုတ်လုပ်သူလုပ်ငန်း ရှင် ၅ဝဝ ကျော်ထဲက ၆၈ ဦး ထောက်ခံချက် ရယူဖို့အတွက် ရေနမူနာစမ်းသပ်ခံတဲ့နေရာမှာ သုံးကြိမ်အထက် အောင်မြင်မှုမရှိလို့ နေပြည်တော် မှာခေါ်ပြီး အသိ ပညာပေး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဌာနက ခွင့်ပြုချက်မရရင် စားသုံးသူတွေထံ ရောင်းချခွင့် မရှိပါဘူး။

ကျွန်တော်တို့ကတော့ လုပ်ငန်းရှင်တွေက ရေနမူနာတွေယူလာပြီး စစ်ဆေးခံရင် အမြန်ဆုံး စမ်းသပ်မှုတွေလုပ်ပေးမှာပါ'' ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA မှ ဒုတိယ ညွှန်ကြား ရေးမှူး ဒေါက်တာထွန်းလင်းအောင်ကပြောသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန FDA အနေဖြင့် ရေသန့်ထုတ်လုပ် မှုနှင့် ပတ်သက်၍ မူဝါဒ သုံးရပ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ပထမအနေဖြင့် FDA ထောက်ခံချက် မရရှိပါက လုံးဝ ထုတ်လုပ် ရောင်းချခွင့် မရှိဘဲ လုပ်ငန်းရပ်ဆိုင်းရမည်ဖြစ်ကြောင်း၊

ဒုတိယအနေဖြင့် FDA ထောက်ခံချက်ရရှိပြီး သက်တမ်း မတိုးသည့် လုပ်ငန်းရှင်များကို လုပ်ငန်းခေတ္တ ရပ်ဆိုင်းကာ သက်တမ်းတိုး ပြန်လည် လျှောက်ထား ရကြောင်း၊ တတိယ အနေဖြင့် ထောက်ခံချက်ရရှိပြီး သက်တမ်း ရှိသေးသူကို ရေနမူနာ ကောက်ယူကာ ပြန်လည် စစ်ဆေးကြောင်း သိရသည်။

ရေသန့်လုပ်ငန်း သက်တမ်းကို နှစ်နှစ်ပေး ထားကြောင်း၊ ယင်းကာလ ပြည့်ပါက သက်တမ်းထပ်မံ တိုးရမည် ဖြစ်ကြောင်းနှင့် သတ်မှတ် ကာလအတွင်း သက်တမ်း မတိုးပါက တစ်လလျှင် ငွေကျပ် ၅ဝဝဝ ဒဏ်ကြေးပေး ဆောင်ရမည်ဖြစ်ကြောင်း အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ သိရသည်။