03 January 2018

တရုတ်လူငယ် ၅ ဦး လိုက်လာသည့်ကားပေါ်မှ ကျပ်သိန်း ၁၅၀၀၀ ကျော်တန် မူးယစ်ဆေးများ ဖမ်းမိ



By နန်းမြနဒီ 2 January 2018

ရှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ် သံလွင်မြစ်ကူးတံ တား စစ်ဆေးရေးဂိတ်မှာ ဇန်နဝါရီလ ၁ ရက် မွန်းလွဲပိုင်းက ကျပ်သိန်းပေါင်း တသောင်းခွဲကျော် တန်ဖိုးရှိ အိုက်စ်မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးရေးဂိတ် လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ ညနေ ၂ နာရီလောက်က လားရှိုး မိုင်းရှူးလမ်းမကြီးဘက်ကနေ သံလွင်ဂိတ်ကို ဖြတ်သွားမယ့် အပြာရောင် တိုယိုတာ ဟိုင်းလပ်စ်ကား တစီးကို မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ ကားဘော်ဒီအောက်မှာ အံဝှက်လုပ်ပြီး သိမ်းလာတဲ့ အိုက်စ်မူးယစ်ဆေးထုပ်တွေ တွေ့ရတာလို့ ကွန်ဟိန်းမြို့နယ်ရဲ စခန်းမှ ရဲတပ်ကြပ် ကျော်ဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။



“အဲဒီကားပေါ်မှာ အသက် ၂၀ ကျော်ရွယ် လူငယ် ၅ ဦး လိုက်ပါလာတယ်။ သူတို့ကားကို မသင်္ကာလို့ စစ်ဆေးတာ ကားဘော်ဒီအောက်မှာ အံဝှက်လုပ်ပြီး သိမ်းလာတဲ့ အိုက်စ် မူးယစ်ဆေးတွေ တွေ့ရတယ်။ ၁ ကီလိုထုပ် ၆၂ ထုပ်ဗျ။ ခန့်မှန်းတန်ကြေးကတော့ ၁ ကီလိုကို သိန်း ၂၅၀ နဲ့ဆိုတော့ ကျပ်သိန်းပေါင်း ၁ သောင်း ၅ ထောင် ၅ ရာပေါ့။ သူတို့ကတော့ အငှားသယ်လာပေးတာပါတဲ့။ တာချီလိတ် ရောက်မှ ပိုင်ရှင်က ဟိုတယ်မှာ လာယူမယ်ပေါ့။ သယ်ပေးခ ကျပ် ငါးသိန်း ရတယ်လို့ ပြောတယ်။”

အဆိုပါ လူငယ် ၅ ဦးမှာ ချိန်တဲ့စင်၊ လောဝူး၊ အားတီ၊ ရန်ကျူး၊ ကျန်ယိုကွေ့တို့ ဖြစ်ကြပြီး အသက် ၂၀ နဲ့ ၂၄ နှစ်ကြား တရုတ်လူငယ်တွေဖြစ်ကာ တာမိုးညဲဘက်ကလို့ ဆိုပါတယ်။

သူတို့အားလုံးကို ကွန်ဟိန်းမြို့နယ် ကာလိရဲစခန်းမှ ရဲအုပ်သူရထွန်းက မူးယစ်ဆေးဝါးပုဒ်မ ပ-၁/၂၀၁၈ မူးစိတ် ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်ထားပြီး နောက်ထပ် ကွင်းဆက်တွေ လိုက်လံစုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲတပ်ကြပ်ကျော်ဝင်းနိုင်က ပြောပါတယ်။