06 January 2018

ရခိုင်ဒေသအတွက် တရုတ်က ရွေ့လျားအိမ်ရာလှူ


ရန်ကုန်၊ဇန်နဝါရီ ၆ ။              ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ရွေ့လျားအိမ်ရာများကို ယနေ့ဇန်နဝါရီ ၆ရက်နေ့၌ လှူဒါန်းခဲ့ပြီး မြန်မာအစိုးရအဖွဲ့အနေနဲ့ အခြေခံအဆောက်အဦများအတွက် အဓိကဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောသည်။
အစိုးရမှ ပုဂ္ဂလိကပိုင်းအနေဖြင့် UEHRDအဖွဲ့က ပြည်သူလူထုအလှူငွေဖြင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေသည်များရှိပြီး နိုင်ငံတော်အနေဖြင့် အခြေခံအဆောက်အဦများဖြစ်သည့် လမ်းဖောက်ခြင်း၊ လျှပ်စစ်မီးများရရှိရန်ဆောင်ရွက်ခြင်းစသည်တို့ကို ဆောင်ရွက်နေသည်ဟု ဦးဝင်းခိုင်မှဆိုသည်။
တရုတ်နိုင်ငံမှ လှူဒါန်းခြင်းမဟုတ်ဘဲ အစိုးရမှ အိမ်ရာနှင့်ပတ်သတ်၍ မည်သို့ထောက်ပံ့ပေးမည်နည်းဟု မဇ္ဈိမမှ မေးမြန်းရာ "အစိုးရဆိုတာ ဒီလိုအခြေခံကောင်းတွေဖော်ဆောင်ပေးရတယ် ။ ဖြစ်လာပြီဆို အစိုးရကြီးပဲအားကိုးလို့မရဘူး။ အစိုးရလုပ်ရမယ့်အလုပ်အစိုးရလုပ်တယ်။ တက်နိုင်သလောက်လုပ်ပေးတယ် ။ ကျန်တာကတော့ဒီလိုအခွင့်အလမ်းတွေရှိရင် သူတို့ဟာသူတို့ဆိုင်လေးတွေလုပ်မယ် စက်ရုံလေးတွေထောင်မယ် သူတို့ကားလေးတွေဆွဲမယ် သူတို့လုပ်စရာလေးတွေသူတို့ဟာသူတို့လုပ်သွားလိမ့်မယ်"ဟု ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ဖြေကြားခဲ့သည်။
တရုတ်နိုင်ငံမှ လှူဒါန်းသည့်ရွေ့လျားအိမ်ရာများကိုရခိုင်ဒေသများဖြစ်သည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ တောင်ပြို၊ ငခူရ စသည့်ဒေသများတွင် ထားရှိမည်ဖြစ်သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွက်လှူဒါန်းသောရွေ့လျားအိမ်ရာများ၏ ကြံ့ခိုင်မှုအပိုင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံသံအမတ် H.E. Mr. Hong Liang က"ရွေ့လျားအိမ်ရာတွေက ၈မဂ္ဂနီကျု မြေငလျှင်ပြင်းအားခံနိုင်ပါတယ် သက်တမ်းအနေနဲ့ နှစ်(၂၀)လောက် ခံနိုင်ပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။
ယခင်လှူဒါန်းထားသည့်အိမ်ရာများမှာ အုပ်စုလိုက်နေထိုင်ရမည့်အိမ်ရာများဖြစ်ပြီး ယခုလှူဒါန်းထားသည့် ရွေ့လျားအိမ်ရာတစ်ခုလျင် မိသားစုတစ်စု နေထိုင်နိုင်သည့်   ရေရှည်အတွက်ကောင်းသည့် အိမ်ရာများဖြစ်ည်ဟု ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆိုသည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သတ်၍ မြန်မာနိုင်ငံပြည်တွင်းရေးဖြစ်သည့်အတွက် ဝင်ရောက်မစွတ်ဖက်ဘဲ မြန်မာအစိုးရအပေါ်ထောက်ခံပါကြောင်း၊ အဆိုပါကိစ္စအတွက် အကြံပြုချက်(၃)ခုကို တင်ပြထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ် H.E. Mr. Hong Liangက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံက ဘင်္ဂလားဒေရှ်နှစ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဒုက္ခသည်များကိုပြန်လက်ခံရန် သဘောတူစာချုပ်ရေးထိုးထားသည်။ ထို့အတွက် မြန်မာအစိုးရမှအကူအညီတောင်းထားသဖြင့် ယာယီအိမ်ခန်းများကိုလည်း အချိန်တိုအတွင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်က ဆိုသည်။
တရုတ်နိုင်ငံမှ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ၌ ပေ၉၀ ၁၈ပေ အကျယ်ရှိ ရွေ့လျားအိမ်ရာအလုံးရေ(၂၃၂)လုံးကို သဘာဝဘေးအန္တရာယ်အတွက် လှူဒါန်းခဲ့ဖူးသည်။ ၄င်းနောက် ယခုဒုတိယအကြိမ် အလုံး(၁၀၀)ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။