------------------------------------------------------------------------------
11-Jan-2018 - The Voice
ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေး ကော်မတီက ပြန်လည်တရားစွဲဆို သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေး ကော်မတီအဖွဲ့ခေါင်းဆောင် ကိုသာလွန်ဇောင်းထက်က အတည်ပြုပြောကြားသည်။
“ဘယ်ဥပဒေ၊ ဘယ်ပုဒ်မနဲ့ တရားစွဲရမလဲဆိုတာ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေတယ်။ အမြန်ဆုံးတရားစွဲနိုင်အောင် လုပ်ဆောင်သွားမှာပါ။ အခုတရားစွဲမှာက တစ်ဦးတစ်ယောက်တည်းကနေ လုပ်တာမဟုတ်ဘူး၊ မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေး ကော်မတီအနေနဲ့လုပ်တာ။ သက်ဆိုင်ရာ ဥပဒေတွေရှိပြီးသား၊ နိုင်ငံသား အခွင့်အရေးချိုးဖောက်တာ၊ လူ့အခွင့် အရေးချိုးဖောက်တာတွေပေါ့၊ ပြီးတော့ တရားဥပဒေစိုးမိုးရေးမှာ ဘယ်လောက်အထိရှိသလဲဆိုတာ စောင့်ကြည့်သွားရမှာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေး ကော်မတီ၏ အထူးကြေညာချက်တွင် မတရားဖမ်းဆီးခံထားရသော သတင်းထောက် ဝလုံးနှင့်မိုးအောင်တို့ကို ပြန်လည်လွှတ်ပေးရန် တောင်းဆိုနေသည့်ကြားမှ ဇန်နဝါရီ လ ၁၀ ရက်နေ့၌ မြောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ ဖြင့် တရားစွဲဆိုလိုက်သည့်အပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း ပါရှိသည်။
ပြည်ထဲရေးဝန်ကြီးကို တရားစွဲဆိုရန် စီစဉ်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က “ကိုယ့်ဘက်က လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်ဆိုပေမယ့် အကျိုးရလဒ်ရှိ၊ မရှိတော့ သုံးသပ်ရမှာပေါ့။ အခု သတင်းသမားနှစ်ဦး တရားစွဲခံရတဲ့ကိစ္စမှာ ကိုယ့်ရဲ့သတင်းသမားတွေဟာ အပြစ်မရှိဘူးဆိုပြီး အများပြည်သူသိရှိအောင် ရှင်းနိုင်ဖို့လိုတယ်။ အစိုးရရဲ့ ဝါဒဖြန့်စကားလုံးဖြစ်တဲ့ သတင်းရောင်းစားတယ်ဆိုတာကို ယုံတဲ့ပြည်သူတွေလည်းရှိနေတော့”ဟု သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းသမားများကာကွယ်ရေး ကော်မတီ၏ ထုတ်ပြန်ချက်တွင် မီဒီယာဖိနှိပ်ခံနေရမှု၊ သတင်းသမားများ မတရားဖမ်းဆီးခံနေရမှု၊ သတင်းလွတ်လပ်ခွင့် ကျဆုံးနေမှု အခြေအနေများကို ပြည်သူလူထုအားရှင်းပြပြီး အရေးဆိုလှုပ်ရှားမှုများ ဆောင်ရွက်သွားရန် နိုင်ငံတစ်ဝန်းရှိ သတင်းသမားများကို တိုက်တွန်းပါကြောင်း၊ မြန်မာနိုင်ငံ သတင်းသမား ကာကွယ်ရေးကော်မတီ (PCMJ) အနေဖြင့် သတင်းသမားနှစ်ဦးကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့သော ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ကို တရားဥပဒေအတိုင်း ပြန်လည်တုံ့ပြန် ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူလူထုထံသို့လည်း သတင်းလွတ်လပ်ခွင့် မတရားဖိနှိပ်ခံနေရမှုများကို ကျယ်ကျယ်ပြန့်ပြန့် တင်ပြရှင်းလင်းမည်ဖြစ်ကြောင်း ပါရှိသည်။
- The Voice